Skip to main content

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၂၅

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်း အနားကို ယနေ့ညနေပိုင်းတွင် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကား သိုက်မြိုက်စွာဖြင့်ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားကျင်းပမည့်နေရာသို့ရောက်ရှိကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက မီးကြာခွက်များကိုင်ဆောင်၍လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များက ဦးရွှေရိုး ဒေါ်မိုးအက၊ အိုးစည် ဒိုးပတ်များတီးမှုတ်၍ ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထိုသို့ဖဲကြိုးဖြတ်ဖွင့်လှစ်သည်နှင့်တစ်ပြိုင်နက် မီးပုံးပျံငယ်အလုံး ၄၅၀ ကို တစ်ပြိုင်နက်လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းများနှင့် အာရောဂျ စိန်နားပန် မီးပုံပျံလွှတ်တင်ခြင်းများကို ဆောင်ရွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စွမ်းအားရှင်(၁)ညမီးကြီးမီးပုံးပျံ လွှတ်တင်မှု၊ သစ္စာမဏ္ဍိုင် စိန်နားပန်မီးပုံးပျံလွှတ်တင်မှု၊ အားမာန်သစ်ညမီး ကြီးမီးပုံးပျံ လွှတ်တင်မှု၊ အောင်မြင်ခြင်း မိုးကောင်းကင် စိန်နားပန်မီးပုံးပျံ လွှတ်တင်မှုနှင့် ဆင်နှစ်ကောင် စိန်နားပန် မီးပုံးပျံ လွှတ်တင်မှုများကို ကြည့်ရှုအားပေးကြသည်။

မီးပုံးပျံများလွှတ်တင်ရန်ပြင်ဆင်မှုများဆောင်ရွက်နေချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေး နှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး မြဝတီတေးဂီတအဖွဲ့တို့မှ အနုပညာရှင်များနှင့် ပြင်ပအနုပညာရှင်များက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ပြီး ရင်ပြင်တော်ကြီးပေါ်၌ လှည့်လည်ဖူးမြော်ကြည်ညို၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူဆီမီး ၃၆၀၀ ကိုအတူတကွ ထွန်းညှိပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရင်ပြင်တော်ကြီးနှင့် ကျောက်စာရုံစေတီတော်များအတွင်း လှည့်လည်ဖူးမြော်၍ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသူများနှင့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဆီမီး ၉၀၀၀ ကပ်လှူပူဇော်ခြင်း၊ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်စဉ်များဖြင့်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော် ခြင်းများကို ဆောင်ရွက်သွား မည်ဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော် ထားရှိခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သဖြင့် အများပြည်သူများ အနေဖြင့် လာရောက်ဖူးမြော်ကြည်ညို နိုင်ကြောင်း သတင်းရရှိသည်။