နေပြည်တော် နိုဝင်ဘာ ၂၇
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက်တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းတစ်ရပ်အဖြစ် ထိန်းသိမ်းလက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
စိတ်အေးချမ်းသာစွာဖူးမြော်
အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်းကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ ဒါနသီလဘာဝနာ ကုသိုလ်ယူဆည်းပူးပွားများခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြပြီး ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုခြင်းများကို ပြုလုပ်ကြသည်။
ပျော်ရွှင်ကြည်နူးစွာဆင်နွှဲ
ထိုသို့ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဆင်နွှဲလျက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင်လည်း ယနေ့ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများက ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြပြီး တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့) တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြသည်။
သာယာလှပစွာပြုလုပ်ထား
အလားတူ တန်ဆောင်တိုင်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာပြုလုပ်ထားရှိပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ထားရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြသည်။
ထို့အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ၊ ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် မီးမျှောပူဇော်ပွဲများကို ကျင်းပပြုလုပ်ကြရာ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ထွန်းညှိပူဇော်ဖူးမြော်ကြည်ညိုကြပြီး နိဗ္ဗာန်ဈေးပွဲတော်များတွင်လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။
အထူးစည်ကားလျက်ရှိ
အလားတူ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက်အပန်းဖြေကြသူများနှင့် အထူးစည်ကားလျက်ရှိကာ တန်ဆောင်မုန်းလပြည့်နေ့အခါသမယကို အများပြည်သူများအနေဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်