နိုင်ငံ့စီးပွားမြင့်မားစေရေးအတွက် အဓိကကျသည့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားမြှင့်တင်နိုင်ရန် အရေးကြီးသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး ယင်းအနက်မှ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် နှီးနွှယ်လျက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်မှာလည်း မြင့်မားလာမည်သာဖြစ်သည်။
ယခုအခါ ဒေသအလိုက် စားရေရိက္ခာဖူလုံရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ သီးထပ်စွမ်းအား တိုးတက်စေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံတွင် သီးနှံစိုက်ပျိုးဧက စုစုပေါင်း ၃၃ သန်းရှိပြီး သီးထပ်သီးညှပ်စိုက်ပျိုးမှုများကိုပါပေါင်းပါက စုစုပေါင်း စိုက်ဧက ၄၈ သန်းခန့်ရှိသည်။ အဆိုပါကိန်းဂဏန်းများအရ မြေဧက ၁၅ သန်းခန့်ကိုသာ သီးထပ်စိုက်ပျိုးခြင်းဖြစ်ပြီး ကျန်ဧက ၁၈ သန်းခန့်မှာ သီးနှံတစ်သီး စိုက်ပျိုးပြီးပါက ဘာမှထပ်မစိုက်တော့ဘဲထားလျက်ရှိရာ အဆိုပါမြေယာများတွင် သီးထပ်စိုက်ပျိုးနိုင်ပါက များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) ကို ဒီဇင်ဘာ ၄ ရက်က ကျင်းပရာတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ “တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အလုပ်လုပ်ခဲ့သည့် အကျိုးကျေးဇူးအဖြစ် သီးနှံထွက်ရှိမှုများ တိုးတက်ခဲ့သော်လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆက်လက်ကြိုးပမ်းရဦးမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ရာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ပိုမို၍ကြိုးပမ်းအားထုတ်မှုနှင့် သက်ဆိုင်ရာတို့က လိုအပ်သည်များကို ဖြည့်ဆည်းကူညီတွန်းအားပေးမှုတို့ပိုမို၍ လိုအပ်မည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၌ အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက တောင်သူတစ်ဦးချင်း ထုတ်လုပ်မှုတွင်လည်းကောင်း၊ စိုက်ပျိုးမြေတစ်ဟက်တာချင်း ထုတ်လုပ်မှုတွင်လည်းကောင်း နိမ့်ကျလျက်ရှိနေသည်။ မြန်မာ တောင်သူများသည် တစ်ရာသီသီးနှံတစ်မျိုးမျှဖြင့် သမားရိုးကျ စိုက်ပျိုးလုပ်ကိုင်စားသောက်နေမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေမည်ဖြစ်ပြီး မိမိတို့စိုက်ပျိုးလုပ်ကိုင်နေသည့် မြေနှင့်စိုက်ပျိုးရေ(မိုးရေ/ဆည်ရေ) ရရှိနိုင်မှု၊ ရာသီဥတုနှင့် ဈေးကွက်အခြေအနေ၊ စိုက်ပျိုးနည်းစနစ်နှင့် နည်းပညာရရှိမှု၊ စိုက်ပျိုးထုတ်လုပ်မှုအတွေ့အကြုံများကိုပေါင်းစပ်ကာ စီးပွားရေးအမြင်ကျယ်ကျယ်ဖြင့် တိုးတက်ကောင်းမွန်သည့် သီးနှံစိုက်ပျိုး ထုတ်လုပ်နည်းစနစ် (Cropping Systems) များ ကျင့်သုံးနိုင်ကြစေလိုသည်။
စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် အခြေခံလိုအပ်ချက်လေးရပ်ဖြစ်သော သီးနှံမျိုးကောင်းမျိုးသန့်များရရှိရေး၊ မြေဆီလွှာကောင်းမွန်ရေးအတွက် သဘာဝမြေဩဇာ၊ သစ်ရွက်စိမ်းမြေဩဇာများထည့်သွင်းရေး၊ စိုက်ပျိုးရေရရှိရေး၊ တောင်သူများအား စိုက်ပျိုးနည်းပညာရရှိရေးတို့ကို ဒေသအလိုက် သက်ဆိုင်ရာတို့က ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးစလုံး ပြည့်စုံသည်နှင့်အမျှ တောင်သူကြီးတို့ကလည်း စွမ်းအားပြကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးအဓိကနိုင်ငံတစ်နိုင်ငံအနေဖြင့် မြေယာတို့ကို အလွတ်မထားဘဲ အခြေအနေပေးသည်နှင့်အမျှ နှစ်လုံးပေါက် ထုတ်လုပ်နိုင်မှသာ တိုးတက်ကြီးပွားနိုင်မည်ဖြစ်သည်။ စိုက်ပျိုးစွမ်းအားမြင့်မားရေး မျိုး၊ မြေ၊ ရေ၊ နည်းတို့သာလျှင်မက ဇွဲ လုံ့လ ဝီရိယနှင့် စိတ်အားထက်သန်မှုတို့လည်း မဖြစ်မနေ လိုအပ်မည်သာဖြစ်သည်။ သဘာဝသယံဇာတ ရေခံ မြေခံ ကောင်းတို့အပေါ်တွင် လူသားတို့၏ ကာယ၊ ဉာဏ စွမ်းအားတို့ပေါင်းစပ်နိုင်ခြင်းဖြင့် အောင်မြင်ကြီးပွားတိုးတက် မြင့်မားနိုင်ကြပါစေကြောင်း။ ။