Skip to main content

အဂတိဖယ်ခွာ လူ့ဘောင်လောကသာယာ

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် နှစ်စဉ်ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။ ဤနေ့ ဤရက်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာသူကမ္ဘာသားအားလုံး အဂတိကင်းဝေးပြီး အေးချမ်းသာယာဝပြောသည့် ကမ္ဘာလောက၊ လူ့ဘောင်လောက ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုးအကျည်းတန်စေသည့် မကောင်းမှုဒုစရိုက်ပင်ဖြစ်သည်။ အဂတိလိုက်စားမှုကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှုများကွယ်ပျောက်ပြီး နိုင်ငံတော်နှင့် အများပြည်သူလူထုကို ထိခိုက်နစ်နာစေပါသည်။ အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းများကြားတွင် ကာလရှည်ကြာ သိမ်မွေ့နက်နဲစွာ အမြစ်တွယ်နေသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။ လူတို့၏ အကျင့်စာရိတ္တနှင့်စိတ်ဓာတ်တို့ကို ပျက်စီးစေသည့်အဂတိအမှုတို့သည် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးနှင့် အေးချမ်းတည်ငြိမ်မှုကို ထိခိုက်စေသည့် ကြီးမားသော အန္တရာယ်ဖြစ်သည်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သိင်္ဂါလောဝါဒသုတ်တွင် ဆန္ဒာဂတိ- ချစ်ခင်သဖြင့် မလိုက်သင့်သည့်ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း။ ဒေါသာဂတိ- စိတ်ဆိုးသဖြင့် မလိုက်သင့်သည့်ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း။ မောဟာဂတိ- ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့်ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။ ဘယာဂတိ- ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်းဟူသည့် အဂတိတရားလေးပါးကို ဖော်ပြထားပါသည်။ သိင်္ဂါလောဝါဒသုတ်အရ ချစ်ခြင်း၊ မုန်းခြင်း၊ မောဟ၊ ဘယာဟူသော လောကကိုပျက်စီးစေသည့် အကြောင်းလေးပါးကို တွေ့ရသည်။

ဤအဂတိလေးပါးကြောင့်ပင် လူ့ဘောင်လောကတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုများ၊ စိတ်မချမ်းမြေ့ဖွယ်ရာများကို တွေ့မြင်ရမည်ဖြစ်သည်။ အဂတိလိုက်စားမှုကို သာမန်အားဖြင့်ဆိုလျှင် လာဘ်ပေး၊ လာဘ်ယူမှုမျှသာ ထင်မှတ်ကြသော်လည်း အမှန်တကယ်တွင် လူ့ဘောင်လောကအတွင်း အလွန်ကျယ်ပြန့်နက်ရှိုင်းနေသည့် အမှုကိစ္စကြီးဖြစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ် သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်ခြင်း၊ မိမိနှင့်မိသားစု၊ ဆွေမျိုးအသိုက်အဝန်း ကောင်းစားရေးဝါဒကျင့်သုံးခြင်းတို့သည် အဂတိလိုက်စားခြင်းပင်ဖြစ်သည်။

မိမိပတ်ဝန်းကျင်ကို သေချာစေ့ငုလေ့လာကြည့်မည်ဆိုလျှင် အဂတိနှင့်မကင်းသောအမှုများကို မကြာခဏမြင်တွေ့ရမည်ဖြစ်သည်။ အဂတိကင်းစင်ခြင်းနှင့် မကင်းစင်ခြင်း၏တန်ဖိုးကို သိလိုပါက အဂတိကင်းစင်သောပတ်ဝန်းကျင်တွင် နေထိုင်ကြသော မိမိနှင့်အများသူငါတို့ ကိုယ်စိတ်နှစ်ပါးချမ်းသာမှုကိုရရှိပြီး အဂတိမကင်းသောပတ်ဝန်းကျင်တွင် နေထိုင်ရပါက ကိုယ်စိတ်နှစ်ပါး ဆင်းရဲမှုများကို ခြားနားစွာတွေ့မြင်နိုင်ပေသည်။ ထို့ပြင် အဂတိမကင်းပါက မျက်မှောက်တွင် ဥပဒေ၏ပြစ်ဒဏ်ခံရနိုင်သလို နောင်တွင် စည်းစိမ်ဥစ္စာအခြံအရံကျော်စောခြင်း တို့ တစ်နေ့တခြားလျော့ပါးပျက်စီးခြင်းသို့ ရောက်နိုင်သည်။

အဂတိလိုက်စားမှုသည် လာဘ်ပေး၊ လာဘ်ယူမှုတို့ထက် လွန်ကဲကာ ရာဇဝတ်မှုကျူးလွန်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းကို အားပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်စေခြင်းစသည့် ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့် အဂတိလိုက်စားမှု၊ အကျင့်ပျက်ချစားမှု၊ ဒုစရိုက် မကောင်းမှုများပြုလုပ်မှုစသည့် ပြဿနာများကို ကမ္ဘာသူကမ္ဘာသားများက အလေးအနက်ဂရုပြုလာစေရန်နှင့် တားဆီးတိုက်ဖျက်နိုင်ကြစေရန် နှိုးဆော်တိုက်တွန်း အသိပေးလှုပ်ရှားမှုများကို နိုင်ငံတကာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့တွင် ပြုလုပ်ကြသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကို ရေးဆွဲချမှတ်ထားပြီး ယင်းစီမံချက်အောက်တွင် လုပ်ငန်းစီမံချက် (၂၀၂၃)ကို အကောင်အထည်ဖော်လျက်ရှိသည်။ တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်း လုပ်ငန်းစဉ်သုံးရပ်ကို ဟန်ချက်ညီညီအကောင်အထည်ဖော်လျက်ရှိသည်။ ထို့ပြင် လူသားတို့အနေဖြင့် ချစ်ခြင်း၊ မုန်းခြင်း၊ လောဘ၊ မောဟ၊ ဘယာ စသည့် စိတ်အညစ်အကြေးတို့ကြောင့် အဂတိအမှုတို့ကို ကျူးလွန်တတ်ရာ ဖြူစင်သည့် ကျောင်းသား ကျောင်းသူလေးများအရွယ်၌ အဂတိကင်းဝေးစေရေး လူ့ဂုဏ်သိက္ခာ၊ ကျင့်ဝတ်တို့ကို သင်ကြားပေးလျက်ရှိသည်။

သို့ဖြစ်ရာ အဂတိလိုက်စားမှုသည် လူ့အသိုက်အဝန်းများအတွင်း အကျင့်စာရိတ္တနှင့် စိတ်ဓာတ်တို့ကို ပျက်စီးစေသည့်အပြင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းသာယာဝပြောရေးကို ထိခိုက်စေနိုင်သည်ဖြစ်ရာ နိုင်ငံအတွက် ကြီးမားသည့်အန္တရာယ်အဖြစ်ရှုမြင်ပြီး အဂတိဖယ်ခွာ လူ့ဘောင်လောက သာယာဝပြောစေရန် အားလုံးဝိုင်းဝန်းတိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။      ။