Skip to main content

အဖျက်အမှောင့်နှင့် ဝိသမလောဘသမား ထိရောက်စွာ ရှင်းလင်းဖယ်ရှား

စားအုန်းဆီနှင့် စက်သုံးဆီဟူသော ဆီနှစ်ဆီက မိမိတို့နိုင်ငံတွင် အများပြည်သူနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသော အရေးပါသည့် ကုန်စည်နှစ်မျိုးဖြစ်သည်။ ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်နိုင်ခြင်းမရှိသေးသည့်အလျောက် နိုင်ငံခြားငွေအမြောက်အမြားသုံးစွဲ၍ ပြည်ပမှဝယ်ယူတင်သွင်းနေရခြင်းဖြစ်ရာ ဆီနှစ်ဆီကို ချွေတာသုံးစွဲကြပါရန် စည်းရုံးလှုံ့ဆော်မှုများစွာ ပြုလုပ်နေသော်လည်း အသုံးအစွဲတို့လျော့ကျသွားခြင်းမရှိ။ ဈေးကွက်စီးပွားရေးခေတ်ဖြစ်သည့်အားလျော်စွာ ပုဂ္ဂလိကကဏ္ဍမှ ပြည်တွင်းဆီတင်သွင်းမှုများအပေါ် နိုင်ငံတော်အစိုးရက ပုံမှန်အတိုင်း ဆက်လက်ခွင့်ပြုပေးနေခြင်းကို တွေ့ရှိရသည်။

ပြည်ပမှ စားအုန်းဆီများကို ပြည်တွင်းသို့ ဝယ်ယူတင်သွင်းဖြန့်ဖြူးရောင်းချရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကော်မတီတစ်ရပ်ဖွဲ့စည်း၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါကော်မတီက စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများကို ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (ရန်ကုန်အထိုင်ဈေး)ကို တစ်ပတ်တစ်ကြိမ် ထုတ်ပြန်ပေးလျက်ရှိသည်။ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ခြင်းတို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဟုလည်း အသိပေးထားသည်။ ရန်ကုန်အပါအဝင် ပြည်တွင်း၌ အများပြည်သူဝယ်ယူစားသုံးနေကြသည့် လက်လီစျေးကွက်ရှိ စားအုန်းဆီစျေးနှုန်းမှာ တစ်ပတ်တစ်ကြိမ် ထုတ်ပြန်ပေးနေသည့် ရန်ကုန်အထိုင်လက်ကားစျေးထက် နှစ်ဆနီးနီးခန့်ဖြစ်နေရာ အဆင့်ဆင့်ရောင်းချမှုများကြောင့် ဖြစ်ဖွယ်ရှိသည်ဟု ယူဆရမည်ဖြစ်သည်။

ပြည်တွင်းစက်သုံးဆီစျေးကွက်နှင့် စပ်လျဉ်း၍မူ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ရန်ကုန်နှင့်မန္တလေးအတွက် ရည်ညွှန်းလက်ကားစျေးနှုန်းများ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီစျေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး တရားဝင်အရောင်းဆိုင်အားလုံးကလည်း ရည်ညွှန်းလက်လီစျေးနှုန်းများအတိုင်း ပုံမှန်ရောင်းချနေကြခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း စက်သုံးဆီ ပြတ်လပ်တော့မည်ဟူသော ကောလာဟလများ အဆက်မပြတ် ပေါ်ထွက်လာခြင်းကြောင့် ပြည်သူများအတွင်း စိုးရိမ်ပူပန်မှုများဖြစ်ပေါ်မလာစေရန် သက်ဆိုင်ရာက နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ရှင်းလင်းဖော်ပြခြင်း၊ သတင်းများထုတ်ပြန်ခြင်းတို့ ပြုလုပ်ခဲ့သည်။ ပြည်တွင်း သုံးစွဲရန်လိုအပ်သော စက်သုံးဆီများ အလုံအလောက်ရှိကြောင်း၊ ကောလာဟလသတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန်မလိုအပ်ကြောင်း စသည်တို့ကို ကိန်းဂဏန်း၊ အချက်အလက်များနှင့်တကွ တစ်ရက်ပြီးတစ်ရက် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။

မြေပြင်အခြေအနေတွင်မူ စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည့် မြင်ကွင်းသည် ဒီဇင်ဘာ ၉ ရက်ညနေအထိ တွေ့မြင်နေရဆဲ။ နေပြည်တော်ကောင်စီနယ်မြေတွင် စက်သုံးဆီဆိုင်အချို့က အနည်းငယ်မျှသာအရောင်းပြပြီး အရောင်းပိတ်လိုက်ကြသည်။ ဆိုင်အချို့က အကန့်အသတ်ဖြင့် ရောင်းချသည်ကိုတွေ့ရပြီး အချို့လုံးဝပိတ်ထားကြသည်။ နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီသယ်ယာဉ်များဖြင့် နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်းသယ်ယူ ပို့ဆောင်ဖြန့်ဖြူးပေးနေသည်ဆိုသည့် အခြေအနေတွင် တရားဝင်စက်သုံးဆီဆိုင်အားလုံးက ပုံမှန်အတိုင်း ဆက်လက်ရောင်းချနေကြရန်လိုသည်။ တစ်ဖက်တွင်လည်း အမြတ်တင်မှောင်ခိုရောင်းချရန် အကြံအစည်ဖြင့် ဝယ်ယူမှုများကို သိလျက်နှင့်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ ရောင်းချပေးမှုများမဖြစ်စေရေး အလေးဂရုပြုကြရန်နှင့် တရားမဝင်မှောင်ခို စက်သုံးဆီရောင်းဝယ်မှုများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူရန် လိုအပ်မည်ဖြစ်သည်။

အဖျက်အမှောင့်သမားများနှင့် ဝိသမလောဘသမားများသည် ကောလာဟလ ထုတ်လွှင့်လေ့ရှိသူများဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ တိုင်းပြည်အတွင်း တုန်လှုပ်ချောက်ချားရန်၊ မငြိမ်မသက်ဖြစ်ရန်၊ တရားမဲ့နည်းလမ်းဖြင့် အကျိုးအမြတ်ကြီးကြီးမားမားရှာရန်ပင်ဖြစ်သည်။ နိုင်ငံအတွင်း လိုအပ်သမျှသော စက်သုံးဆီပမာဏကို လိုအပ်သလောက် တရားဝင်တင်သွင်းခွင့်ရနေသည့်ကြားမှ မှောင်ခိုဈေးကွက်ပေါ်လာခြင်း၊ ပုံမှန်သုံးစွဲနေကြသည့် ပြည်သူများ အခက်အခဲတွေ့ရခြင်းတို့အပေါ် သက်ဆိုင်ရာတို့က အလေးအနက်ထားကိုင်တွယ်၍ ထိရောက်စွာဆောင်ရွက်ခြင်းဖြင့် အဖျက်အမှောင့်ကောလာဟလတို့ကို ဖယ်ရှားရှင်းလင်းကြရပါမည့်အကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)