Skip to main content

ပြည်ထောင်စုအကျိုးသယ်ပိုးဖို့အသိပညာ မြှင့်တင်စို့

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် ကျင်းပသွားမည်ဖြစ်ရာ ပြခန်းများခင်းကျင်းပြင်ဆင်မှု၊ ဖွင့်ပွဲအခမ်းအနားအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြီးပြည့်စုံခဲ့ပြီဖြစ်သည်။ ပွဲတော်တွင် ဝန်ကြီးဌာန ၁၅ ခုမှ ပြခန်းပေါင်း ၆၂ ခန်း ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊ တိုင်းရင်းသားရိုးရာ အစားအစာဆိုင်များ၊ စာအုပ်အရောင်းဆိုင်များလည်း စီစဉ်ပါရှိကြောင်း သိရသည်။

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကို ဦးတည်ချက်တစ်ရပ်အဖြစ် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆောင်ရွက်လျက်ရှိရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုစွမ်းရည်များနှင့် ပြည့်စုံပြီး တက်ကြွလှုပ်ရှားသည့် လူ့စွမ်းအားအရင်းအမြစ်ခိုင်မာ အားကောင်းရန်လိုအပ်သည်။ အခြေခံပညာအဆင့်တွင် သင်ယူနေကြသည့် ကျောင်းသူကျောင်းသားများသည် နောက် ၁၀ နှစ် မှ နှစ် ၂၀ အတွင်း လူလားမြောက်လာကြမည်ဖြစ်ရာ ၎င်းအင်အားစုများသည် နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် အင်အားစုများ ဖြစ်လာစေရေး၊ လေလွင့်ဖြုန်းတီး အဟောသိကံ ဖြစ်မသွားစေရေး အတွက် စနစ်တကျပြုစုပျိုးထောင်ရန်နှင့် ထိရောက်စွာအသုံးချနိုင်ရန် စီမံဖန်တီးသွားကြရမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် (အလုပ်လုပ်နိုင်သူ) လူဦးရေသည် ၂၂ ဒသမ ၉ သန်းရှိပြီး ယင်းအနက် တစ်ဝက်ခန့်မှာ အလယ်တန်းအဆင့် ပညာတတ်မြောက်မှုသာရှိသည်။ “ပညာမတတ်သည့် နိုင်ငံသားများပြီး ပညာရေးနိမ့်ကျသည့်နိုင်ငံသည် အမှန်တကယ်မတိုးတက်နိုင်ဟု လက်ခံထားကြပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကို အဓိကတည်ဆောက်ကြရပါကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှု များသည် ပညာတတ်ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျနေပါ ကြောင်း စသည်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ဖွင့်ပွဲအခမ်း အနား အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် ဦးစွာပထမ လိုအပ်ချက်ဖြစ်ပြီး လူငယ်များကို အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများ မြှင့်တင်ပေးခြင်းဖြင့် ပြုစုပျိုးထောင်ပေးရန် လိုအပ်သည်။

မကြာမီကျင်းပတော့မည့် လူငယ်နှင့်စာပေအနုပညာပွဲတော် ၏ဆောင်ပုဒ်မှာ “ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညမြှင့်တင်စို့ ဟူ၍ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်အင်အားများဖြစ်ကြသည့် လူငယ်များ၏အသိပညာကို မြှင့်တင်နိုင်ရန်အတွက် လူငယ်တစ်ဦးချင်းစီတိုင်း စာပေနှင့်စဉ်ဆက်မပြတ်ထိတွေ့နေရန် လိုအပ်သည်။ မြန်မာတို့သည် စာပေကို ရိုသေလေးစားသူများ၊ အလေးအနက်တန်ဖိုးထားသူများ ဖြစ်သည်။ “မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ် ဟူ၍ ရှေးကပင် တိုက်တွန်းခဲ့၊ အားပေးခဲ့ကြသည်။ စာဖတ်သည့်အခါ ဖတ်သူတွင် အသိအလိမ္မာတိုးလာသည်။ ကိစ္စကြီးငယ်တို့တွင် ထွင်းဖောက် ကြံဆနိုင်ကြသည်။ လူပုံအလယ်တွင် နှုတ်ဆွံ့မနေဘဲ ပွဲလယ်တင့်နိုင်ကြသည်။ ကျိုးကြောင်းဆင်ခြင်နိုင်ကြသည့်အလျောက် အမှားအမှန်ကိုလည်း ခွဲခြားနိုင်ကြသည်။ စာပေဖတ်ရှုလေ့လာခြင်းမှ ပိုမိုကျယ်ပြန့်လာသည့် အသိပညာနှင့်နှလုံးရည်တို့က လောက၏အကျိုး၊ လူ့အဖွဲ့အစည်း၏အကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များကို တန်ဖိုးမြင့်မားစေမည်ဖြစ်ပါကြောင်း။ ။