Skip to main content

ညီညွတ်မျှတစွာစားသုံးတတ်ရေး အသိပညာပေး၊ ပြုပြင်ဆောင်ရွက်

“အစာလည်းဆေး၊ ဆေးလည်းအစာ ဟူသော မြန်မာတို့၏ဆိုရိုးစကားအရ အစာအာဟာရကို ညီညွတ်မျှတစွာစားသုံးပါက ကျန်းမာရေးနှင့်ပြည့်စုံသည့်ချမ်းသာသုခကိုရရှိစေနိုင်ကြောင်းကို မြန်မာတို့ရှေးကပင်သိနားလည်ခဲ့ကြပုံပေါ်သည်။ သို့ရာတွင် စားရေရိက္ခာပြည့်စုံဖူလုံသည့် ရေခံ၊ မြေခံကောင်းတွင် နေထိုင်ကြရသော်ငြားလည်း မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတို့မှာ အစာအာဟာရတို့ကို ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် စားသောက်တတ်မှုအရာတွင် အားနည်းလှသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ကလေး ၁၀၀၀ မွေးဖွားလျှင် ၆၂ ဦး သေဆုံးနေသည်ဟုဆိုသည်။ လေ့လာတွေ့ရှိချက်များအရလည်း မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုကြောင့် သေဆုံးမှုနှုန်းသည် ဒုတိယမြောက်အမြင့်မားဆုံးဖြစ်ကြောင်း၊ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါ (Iron Deficiency Anaemina- IDA) ကြောင့် ကျန်းမာရေးချို့တဲ့မှုနှုန်းတွင် ပဉ္စမမြောက်အမြင့်မားဆုံးဖြစ်သည်ဟုဆိုသည်။ ကလေး ၂၉ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်ခြင်းကိုခံစားနေကြရပြီး ကိုယ်ဝန်ဆောင်မိခင်တစ်သိန်းကျော် နှစ်စဉ်သေဆုံးနေခြင်းမှာ အာဟာရမပြည့်ဝခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ အထက်ဖော်ပြပါ ကိန်းဂဏန်းအချက်အလက်များမှာ နှစ်ကာလအနည်းငယ် ကွာခြားလျက်ရှိပြီဖြစ်သော်လည်း အဓိကအားဖြင့် အာဟာရချို့တဲ့မှုသည် မိမိတို့နိုင်ငံအဖို့ အလေးထားဆောင်ရွက်သွားရမည့် စိန်ခေါ်မှုတစ်ခုဖြစ်သည်ကို တွေ့ရှိနိုင်သည်။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမြေဧရိယာကျယ်ပြန့်ခြင်း၊ လူဦးရေသင့်တင့်မျှတခြင်း၊ ရာသီဥတုသမမျှတခြင်းတို့ရှိသည့်အတွက် အခြေခံအားဖြင့် စားနပ်ရိက္ခာဖူလုံ လုံခြုံမှုရှိသည်ဟုဆိုနိုင်သော်လည်း နိုင်ငံသားတစ်ဦးချင်းစီအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်မျှတသည့်အစားအစာများကို သင့်တင့်မျှတအောင် ရွေးချယ်စားသုံးနိုင်မှုအလေ့အထ အားနည်းသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့တာဝန်ကျရာ ဒေသအသီးသီးကို သွားရောက်တာဝန်ထမ်းဆောင်သည့်အခါ စားသောက်နေထိုင်သည့်ပုံစံကို ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် အသိပညာပေးခြင်း၊ ပြုပြင်ပေးခြင်းများကိုဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှုနှင့်စပ်လျဉ်း၍ အရေးကြီးရောဂါတစ်ခုဖြစ်သည့် သံဓာတ်ချို့တဲ့မှုမှာ စားသောက်မှုပုံစံတကျဖြင့် ကာကွယ်နိုင်သည်။ သံဓာတ်သည် သတ္တုအာဟာရဓာတ်တစ်မျိုးဖြစ်ပြီး သံဓာတ်ချို့တဲ့ပါက သွေးအားနည်းရောဂါကိုခံစားရမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်များ သွေးအားနည်းပါက ကိုယ်ဝန်ဆောင်ကာလ၊ မွေးဖွားစဉ်၊ မွေးဖွားပြီး ကာလများတွင် အသက်အန္တရာယ်ကြုံတွေ့နိုင်ပြီး လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးတတ်သည်။ ကလေးများသွေးအားနည်းပါက ခန္ဓာကိုယ် ကြီးထွားမှု၊ ပညာသင်ကြားမှုတို့တွင် နှောင့်နှေးစေနိုင်ပြီး ရောဂါရလွယ်သည်။ ကလေး၊ လူကြီးများ သွေးအားနည်းပါက အားအင်ချည့်နဲ့ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းနှင့်ရောဂါပြင်းထန်သည့်အခါ နှလုံးရောဂါအထိ ဖြစ်ပွားနိုင်သည်။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါမှကာကွယ်ရန် အသား၊ အသည်းနှင့် သွေးခဲကဲ့သို့ သံဓာတ်အထူးကြွယ်ဝသည့် အစားအစာများ၊ ဟင်းနုနယ်၊ မုန်ညင်း၊ ကန်စွန်း၊ ကင်းပုံ၊ ချဉ်ပေါင်စသည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နှင့် ပဲအမျိုးမျိုးကဲ့သို့သော သံဓာတ် အတော်အတန်ကြွယ်ဝသည့်အစားအစာများကို တတ်နိုင်သမျှ၊ နေ့စဉ်စားသုံးသင့်သည်။ အသားဓာတ်နှင့် အချဉ်ဓာတ် (ဗီတာမင်စီ) တို့သည် ဟင်းသီးဟင်းရွက်နှင့်ပဲတို့မှ သံဓာတ်ကို အစာလမ်းကြောင်းမှ လွယ်ကူစွာစုပ်ယူနိုင်အောင်ကူညီပြီး လက်ဖက်ရည်အချို၊ ရေနွေးကြမ်းအဖန်ရည်၊ လက်ဖက်သုပ်စသည်တို့က သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေသည်။ အပျိုဖော်ဝင်အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့မှာ သံဓာတ်ဆေးပြားကို သတ်မှတ်ပမာဏအတိုင်းသောက်ခြင်းဖြင့် သံဓာတ်ချို့တဲ့မှုကို ကာကွယ်နိုင်မည်ဖြစ်သည်။

အာဟာရချို့တဲ့မှုသည် လူတစ်ဦးချင်းစီနှင့် မိသားစုဝင်များဆီသို့ ရောဂါအမျိုးမျိုးတို့ကို ဖိတ်ခေါ်ရာရောက်သည့်အတွက် အာဟာရပြည့်ဝစေရန် စားသောက်မှုပုံစံကျဖို့လိုသည်။ အာဟာရပြည့်ဝစွာစားသုံးနိုင်ရေးအတွက် မိသားစုဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မိမိတို့ဝင်ငွေနှင့်ကိုက်ညီသည့်အစားအစာကို အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် ကျန်းမာရေးအသိသုတလည်း လိုအပ်မည်ဖြစ်ပါကြောင်း။ ။