Skip to main content

ပညာပြည့်ဝနှလုံးလှသည့် အောင်စစ်သည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် လူမှုရေးဦးတည်ချက်ဒုတိယအချက်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ကိုချမှတ်ထားသည်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာမျှဝေပေးမှု၊ ဆေးကုသမှုလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိရာ နယ်လှည့်အထူးကုဆေးအဖွဲ့များဖြင့် နိုင်ငံတစ်ဝန်းတွင် တိုင်းရင်းသား ပြည်သူများအား လိုက်လံဆေးကုသပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်အတွင်း နယ်လှည့်ဆေးကုသရေးယာဉ်များနှင့် ကျေးလက်နေပြည်သူများကို အခမဲ့ဆေးကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပင်လယ်သွားဆေးရုံရေယာဉ်၊ မြစ်တွင်းသွားဆေးရုံရေယာဉ်တို့ဖြင့် ဒေသခံပြည်သူလူထု စုစုပေါင်း ကိုးသိန်းကျော်ကို ရောဂါအမျိုးမျိုး ကုသပေးနိုင်ခဲ့သည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေရန်အတွက် ပြည်ပနိုင်ငံအချို့၏ထောက်ပံ့မှုများနှင့် အစွန်းရောက်ပြည်ပြေးနိုင်ငံရေးသမားများက ငြိမ်းချမ်းရေးကိုမလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့်ပူးပေါင်းပြီး အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်နေရာတွင် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် စစ်ဘက်နှင့်မသက်ဆိုင်သော ကျန်းမာရေးကဏ္ဍကိုလည်း ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ အထူးသဖြင့် အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတော်၏ကျန်းမာရေးယန္တရား လည်ပတ်မှုရပ်တန့်သွားစေရန် ပြုလုပ်လျက်ရှိသည်။

၎င်းတို့သည် ဆရာဝန်၊ သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများကို CDM ပြုလုပ်လာအောင် သွေးဆောင်ဖြားယောင်းခြင်း၊ ဖိအားပေးအကျပ်ကိုင် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ အချို့သော ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုက်နာကျင့်ကြံရမည့် ဆေးဝန်ထမ်းကတိသစ္စာကို ဖောက်ဖျက်ခဲ့ကြသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟာမှုများဖြစ်ပေါ်ခဲ့ရာ တပ်မတော်သားပါရဂူ၊ ဆရာဝန်နှင့် သူနာပြုများက ဝင်ရောက်တာဝန်ထမ်းဆောင်ပေးခဲ့ရသည်။ အကြမ်းဖက်သမားများသည် မိဘပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် မိသားစုဘဝလုံခြုံရေးအတွက် တည်ဆောက်ပေးထားသည့် ဆေးရုံ၊ ဆေးပေးခန်းများကို မီးရှို့ဖျက်ဆီး၊ ဗုံးခွဲတိုက်ခိုက်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

မိဘပြည်သူများ၏ ကျန်းမာရေးကဏ္ဍအပေါ် ဦးတည်တိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏လူသားအရင်းအမြစ်စွမ်းအား ပြိုလဲအောင်တိုက်ခိုက်ခြင်းဖြစ်သကဲ့သို့ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ရက်စက်စွာ ဖျက်ဆီးခြင်းလည်းဖြစ်သည်။ “အကြမ်းဖက်အဖွဲ့အစည်းများ၏ ကျန်းမာရေးဝန်ထမ်းများအပေါ် ပြုလုပ်ခဲ့သည့် ဆိုးရွားသည့်ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူသိရှိနားလည်ပြီး လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်သည့်အခါ တပ်မတော်သား ဆရာဝန်စစ်သည်တော်ကောင်းများပီပီ မိမိတတ်ကျွမ်းသည့် ဆေးပညာဖြင့်သာမက လုံခြုံရေးသတိ၊ နိုင်ငံရေး အသိမှန်များဖြင့် မိဘပြည်သူများကို ကာကွယ်စောင့်ရှောက်သွားကြရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည်။

သမားဇာနည်များသည် တပ်မတော်သားခေါင်းဆောင်ငယ် ဆရာဝန်ဆေးမှူးများဖြစ်ကြသဖြင့် မြင့်မြတ်သည့်စိတ်ထား၊ ကူညီရိုင်းပင်းသည့်နှလုံးရည်၊ ကြံ့ခိုင်သည့် ရဲစွမ်းသတ္တိများနှင့်ပြည့်စုံပြီး နိုင်ငံတော်နှင့်တပ်မတော်က ယုံကြည်အားထားရသည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော ဆေးပညာရှင်များအဖြစ် တာဝန်ထမ်းဆောင်ရင်း နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။

တပ်မတော်သားဆရာဝန်များသည် စစ်ဘက်ခေါင်းဆောင်ငယ်များဖြစ်သည့်အတွက် ခေါင်းဆောင်မှုအရည်အချင်းများပြည့်စုံအောင် တည်ဆောက်ကြရမည်ဖြစ်သည်။ မှန်ကန်သည့် ခေါင်းဆောင်မှုပေးပြီး တပ်ဖွဲ့ဝင်များနှင့်အတူ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ ရဲစွမ်းသတ္တိပြည့်ဝသည့် တပ်မတော်သားခေါင်းဆောင်ငယ်များဖြစ်အောင် ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ်သည်။ တပ်မတော်နှင့် နိုင်ငံတော်၏ဂုဏ်ကျေးဇူးကို စစ်သားကောင်းတစ်ဦး၊ ဆရာဝန်ကောင်းတစ်ဦးပီသစွာ နေထိုင်ကျင့်ကြံခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထား၍ ဆက်လက်တိုးတက်အောင် လုပ်ကိုင်ခြင်း၊ သစ္စာရှိရှိဖြင့် ပေးအပ်လာသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းတို့ဖြင့် ပေးဆပ်ကြမည်ဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော်သားဆေးဝန်ထမ်း ဆရာဝန်များအနေဖြင့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ခေါင်းဆောင်ကောင်းများဖြစ်စေရန် “ပညာပြည့်ဝနှလုံးလှ” အောင် လေ့ကျင့်ပျိုးထောင် တည်ဆောက်ပေးထားသည်နှင့်အညီ ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းအစဉ်အလာကောင်းများကို “သမားဇာနည်အောင်စစ်သည်” ဆိုသည့် အစဉ်အလာအတိုင်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။      ။