ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့သည် ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်အချိန်မှစတင်၍ ရှေ့ဆင့်နောက်ဆင့်ဆိုသလို လွတ်လပ်ရေးရရှိလာကြသည်။ အချို့နိုင်ငံများဆိုလျှင် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့သော်လည်း နိုင်ငံ၏ပြည်တွင်းရေးအခြေအနေ အမျိုးမျိုးတို့ကြောင့် စစ်ပြီးကာလ ဆယ်စုနှစ်တစ်ခု၊ နှစ်ခုကျော်မှ လွတ်လပ်ရေးရရှိလာကြသည်။ လွတ်လပ်ရေးရရှိပြီးသည်နှင့် နိုင်ငံများသည် နိုင်ငံပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးကို အလျင်အမြန်လုပ်ဆောင်ကြသည်။
အချို့နိုင်ငံများသည် လွတ်လပ်ရေးရရှိပြီး ဆယ်စုနှစ်တစ်ခု၊ နှစ်ခုကျော်တွင် တိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိလာကြသည်။ အချို့နိုင်ငံများသည် ပြည်တွင်းပဋိပက္ခများ ပြန်လည်ဖြစ်ပွားသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလှမ်းဝေးနေသည်ကို မြင်တွေ့နေရသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်ဟုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မကြာမီကာလတွင်(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယသို့ ရောက်ရှိတော့မည်ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည်မှာ ဆယ်စုနှစ်ခုနစ်ခုမက ရှိပြီဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံမဖြစ်သေးသည်မှာ ပဋိပက္ခများကြောင့်ဟု ဆိုရမည်ဖြစ်သည်။ တစ်နည်းဆိုလျှင် စည်းလုံးညီညွတ်မှုကို ခိုင်မာစွာမတည်ဆောင်နိုင်သေးသောကြောင့်ဖြစ်သည်။
လွတ်လပ်ရေးရရှိပြီး ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်တို့သည် တိုင်းပြည်ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမျိုးမျိုးအဖုံဖုံအကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော်လည်း တည်ဆောက်လိုက်၊ ပျက်စီးလိုက်၊ ပြန်စလိုက်ဖြစ်နေသောကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ထွန်းလာမှု ရလဒ်ကောင်းများရရှိရေးအတွက် ကြာရှည်နေခြင်းဖြစ်သည်။ အကြောင်းရင်းမှာ သွေးခွဲမှု၊ သွေးကွဲမှုကြောင့် ညီညွတ်မှု၊ စည်းလုံးမှု၊ ကြိုးစားအားထုတ်မှု၊ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ မျိုးချစ်စိတ်များ ပါးလျားခေါင်းပါး နေသောကြောင့်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ရာတွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားအချင်းချင်း သွေးမကွဲဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာအောင် လုပ်ဆောင်သွားကြရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ပကတိအရှိတရားအရ ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့်နိုင်ငံဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အဓိကကျသကဲ့သို့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန်အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးသည် အရေးအကြီးဆုံးနှင့်အလိုအပ် ဆုံးအရာဖြစ်သည်။
လွတ်လပ်ပြီးနိုင်ငံကို ဖွံ့ဖြိုးတိုးတက်လာအောင် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးသည် အရေးအကြီးဆုံးအချက်ဖြစ်သည်။ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲစေရန်အတွက် တပ်မတော်သည် အရေးပါသည့် အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်သကဲ့သို့ တပ်မတော်သားများသည်လည်း ပြည်သူများ၏အစိတ်အပိုင်းဖြစ်သည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည့်အတွက် ပြည်သူလူထု၏အင်အားကို အရင်းတည်ပြီး စုစည်းညီညွတ်သည့် စုပေါင်းအားဖြင့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်သည်။
ထိုသို့ကာကွယ်စောင့်ရှောက်ရာတွင်လည်း သမိုင်းကြောင်းသင်ခန်းစာများအရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးမပြိုကွဲအောင် တိုင်းရင်းသားပြည်သူလူထုအားလုံး၏ အတွေးအခေါ်၊ အသိအမြင်၊ ယုံကြည် ချက်၊ ခံယူချက်၊ လုပ်ဆောင်မှုအားလုံးသည် ပြည်ထောင်စုစိတ်ဓာတ် သို့မဟုတ် တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်အပေါ် အခြေခံထားရန်လိုအပ် ပေသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း (၇၆)နှစ် ရှိလာတော့မည်ဖြစ်သော်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု အပြည့်အဝမရရှိသေးသည်ကို ဆင်ခြင်ရှုမြင်ပြီး တိုင်းပြည်ထာဝရငြိမ်းချမ်းရေးရရှိအောင်၊ အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်အောင် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံသည့် နိုင်ငံချစ်စိတ်ဖြင့် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။ ။