နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂၀၂၀ ပြည့်နှစ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျင်းပပြုလုပ်သည့်
နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကား
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်)
ချစ်ခင်လေးစားအပ်တဲ့ သဘာပတိကြီးနှင့်တကွ သဘာ ပတိအဖွဲ့ဝင်များ၊ ပြည်ထောင်စုဖွားနာဂတိုင်းရင်းသားများနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား -
၂၀၂၀ ပြည့်နှစ်ရဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ယခုလို ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဦးစွာပြောကြား လိုပါတယ်၊၊ ထူးခြားလှပတဲ့ နာဂလူမျိုးတို့ရဲ့ နှစ်သစ်ကူး ပွဲတော်မှာ နာဂတိုင်းရင်းသားများနဲ့ နာဂဒေသအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများအားလုံး ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါတယ်၊၊
နှစ်လိုဖွယ်ရာဖော်ရွေမှုများ
နာဂတောင်တန်းကြီးရဲ့ ဝေနေတဲ့ တောင်ခိုးများ၊ မှိုင်းမှုန်နေတဲ့ ဆီးနှင်းမြူများ၊ သဘာဝတောတောင် ရေမြေအလှအပများနဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှာ နာဂတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုဝတ်စား ဆင်ယင်မှုများ၊ ကခုန်သီဆိုမှုများ၊ နှစ်လိုဖွယ်ရာ ဖော်ရွေ မှုများဟာ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါ တယ်။
နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ကုန်လွန်ခဲ့တဲ့နှစ် က အတွေ့အကြုံတွေကို ဖလှယ်ဖို့နဲ့ လာမယ့်နှစ်သစ် မှာ တွေ့ကြုံနိုင်တဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကို ကြိုတင်ဖြေရှင်းနိုင်ဖို့အတွက် ကောင်းမွန်တဲ့ စီမံချက် များ ချမှတ်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပြီးတော့ လာမယ့်နှစ်မှာ ရာသီဥတုကောင်းမွန်ပြီး စပါး၊ ပြောင်း၊ ပဲ၊ ဘူး၊ ဖရုံ၊ ငရုတ် စတဲ့ စိုက်ပျိုးသီးနှံတွေ တိုးတက်ဖြစ်ထွန်းဖို့နဲ့ အိမ်မွေးတိရစ္ဆာန်တွေ ရောဂါဘယကင်းဝေးပြီး မွေးမြူရေးအောင်မြင်စေဖို့ ပွဲတော်မှာ ဆုမွန်ကောင်းတောင်းကြတယ်လို့ သိရှိရပါ တယ်။
မိမိတို့အစိုးရအဖွဲ့ဟာ နိုင်ငံတော်ရဲ့တာဝန်ကို စတင်ထမ်းဆောင်စဉ်ကပင် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှု-စီးပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်း ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ပြည်သူများရဲ့ လူမှု-စီးပွားဘဝတိုးတက် မြင့်မားရေးဆောင်ရွက်တဲ့နေရာမှာ ပြည်နယ်/ တိုင်း ဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို ဝေးလံခေါင်သီသော နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံးလည်း မကျန်ခဲ့စေရအောင် ဆောင်ရွက်နေ ပါတယ်၊၊
ကူညီဖြည့်ဆည်းပေးလျက်ရှိ
နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများမှာ ဘဏ္ဍာရေး နှစ်အလိုက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေနဲ့ တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးပညာရပ်များ၊ သင်တန်းများကို ဒေသခံတိုင်းရင်းသား များအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသလို ဒေသရဲ့ လိုအပ်ချက်နဲ့ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အခွင့်အလမ်းများ ကိုလည်း ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အသက်မွေးဝမ်း ကျောင်းပညာ၊ အဆင့်မြင့်ပညာဆက်လက်သင်ကြားသူ များကိုလည်း နိုင်ငံတော်က ကူညီဖြည့်ဆည်းပေးလျက် ရှိပါတယ်။
နာဂဒေသရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-
မိမိတို့အစိုးရလက်ထက်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ချောမွေ့အောင်မြင်ဖို့ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့များနဲ့ ချိတ်ဆက်ပြီး အထူးကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်၊၊ နယ်စပ်ဒေသမှာရှိတဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာဆိုရင် လမ်းပန်းဆက်သွယ် ရေးခက်ခဲတဲ့အတွက် ပညာရေး၊ ကျန်းမာရေးနဲ့ အခြားကဏ္ဍ တွေမှာလည်း အားနည်းနေသေးတာကို တွေ့ရှိရပါတယ်၊၊ နာဂဒေသမှာ ဘက်စုံဖွံ့ဖြိုးရေးအတွက် အလျင်အမြန် အကောင်အထည်ဖော်ပေးရမယ့်ကဏ္ဍနဲ့ ရေရှည်စီမံချက် ရေးဆွဲဆောင်ရွက်ပေးရမယ့်ကဏ္ဍဆိုပြီး နှစ်ပိုင်းတွေ့ရှိရ ပါတယ်။ ဒီအတွက်လည်း လက်ရှိအနေအထားထက် ပိုမို ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့တွေက ရေတို၊ ရေရှည်မူဝါဒတွေချမှတ်ပြီး ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုမူဝါဒတွေချမှတ်ပြီး အကောင်အထည် ဖော် ဆောင်ရွက်ကြတဲ့နေရာမှာ ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက လည်း အရေးကြီးပါတယ်။
အထူးမှာကြားလို
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အရေးအကြီးဆုံး လိုအပ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး တိုးတက်စေဖို့ ဆောင်ရွက်ပေးတဲ့နေရာမှာ လေရှီး- လဟယ်- နန်းယွန်း မြို့နယ်ချင်းဆက်လမ်းအနက် လဟယ်-နန်းယွန်း မြို့နယ်ချင်းဆက်လမ်းကို ဖောက်လုပ်ထားရှိပြီး ဖြစ်ပါ တယ်။ ဒါပေမယ့် လဟယ်-လေရှီး မြို့နယ်ချင်းဆက်လမ်း မဖောက်လုပ်ရသေးတဲ့အတွက် ဘဏ္ဍာနှစ်အလိုက် အသုံးစရိတ်တွေ ခွဲဝေချထားပြီး (၃)မြို့နယ် မြို့နယ်ချင်း ဆက်လမ်း တိုးမြှင့်ဖောက်လုပ်နိုင်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးကြရန် အထူးမှာကြားလိုပါတယ်။
သဘာပတိကြီးနဲ့တကွ နာဂတိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ် များရဲ့ လမ်းပန်းဆက်သွယ်ရေးဟာ အရင်ကထက် ပိုမို ကောင်းမွန်ခဲ့ကြောင်း သိရှိရတဲ့အတွက် သက်ဆိုင်ရာဌာန များရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုသလို၊ နာဂ ဒေသရဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ယခုထက်ပိုမို တိုးတက်စေဖို့ ဆက်လက်ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါ တယ်၊၊ အလားတူ နာဂတိုင်းရင်းသားများရဲ့ ပညာရေး ကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အချိုးညီညီ ဖွံ့ဖြိုး တိုးတက်နိုင်စေဖို့လည်း တာဝန်ရှိသူများက ကြိုးပမ်း ဆောင်ရွက်ပေးသွားကြရန် အထူးလိုအပ်ပါတယ်။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများရဲ့ စီးပွားရေး နဲ့ လူမှုရေးကဏ္ဍများ ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ဆက်လက်ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။
စေတနာပါပါဆောင်ရွက်
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိမှ အောင်မြင် မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း တစ်ဦးချင်းစီ တာဝန်ယူတတ်တဲ့စိတ်ဓာတ်တွေ မွေးမြူ ပြီး ဆန္ဒထက်သန်စွာ စေတနာပါပါ ဆောင်ရွက်ကြဖို့ ဟာ အဓိကကျလှပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေထဲ မှာ ဒေသခံတွေပါသလို ရပ်ဝေးကနေ လာရောက်တာဝန် ထမ်းဆောင်ကြတဲ့သူတွေလည်း ပါကြမှာပါ။ ရပ်နီး ရပ်ဝေး ဘယ်ဒေသကပဲဖြစ်ပါစေ ဝန်ထမ်းတွေအနေနဲ့ ဝတ်ကျေတန်းကျေသဘောမျိုးထက် နာဂဒေသရဲ့လိုအပ် ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်ဆိုတဲ့ စိတ်ဆန္ဒများနဲ့ မေတ္တာစေတနာထားပြီး တာဝန်ကျေပွန် အောင် ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။
နာဂတိုင်းရင်းသားတို့ရဲ့ ရိုးရာနှစ်သစ်ကူးမင်္ဂလာ အခါသမယမှာ နာဂတိုင်းရင်းသူ / တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝ ကြပါစေ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရာသီဥတု ကောင်းမွန်ပြီး စိုက်ပျိုးသီးနှံများ ပေါကြွယ်ဝကြပါစေ၊ မွေးမြူရေးများ ဖြစ်ထွန်းအောင်မြင်ပါစေ၊ ပြည်ထောင်စု ကြီးငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေလို့ အလေး အနက်ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။