သူတစ်ပါးကို ချီးမြှင့်ခြင်းသည် “သင်္ဂဟ” ဟုခေါ်ပါသည်။ ဤသင်္ဂဟတရားထွန်းကားမှ လောကကြီးငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ အခြေအနေအားလျော်စွာ ချီးမြှင့်ထိုက်သူ၊ ချီးမြှောက်ထိုက်သူတို့ကို ချီးမြှင့်ခြင်းတို့အား ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် လောကကောင်းကျိုးဖြစ်ထွန်းရုံသာမက ကြီးပွားချမ်းသာကြသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာစေတနာထားဆက်ဆံကြရာတွင် သင်္ဂဟတရားများသည် အလွန်အရေးကြီးပြီး တရားနှင့်လျော်ညီသည့် ကောင်းခြင်းမင်္ဂလာဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာသည် တစ်ခဏအတွင်း ဆုံးရှုံးသွားနိုင်သော်လည်း လွတ်လပ်ရေးပြန်လည်ရရှိရန် အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး အချိန်ကြာမြင့်စွာကြိုးပမ်းအားထုတ်ကြရသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်မှုအောက်တွင် ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူအားလုံးက စည်းလုံးညီညွတ်မှု၊ ဇွဲ၊ လုံ့လ၊ သတ္တိအပြည့်ဖြင့် ကြိုးပမ်းအားထုတ်ခဲ့သောကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ခံ့ညားဝင့်ထည်စွာ ပြန်လည်ရပ်တည်နိုင်ခဲ့သည်။
ထို့ကြောင့် ဤနေ့ဤရက်သည် မြန်မာနိုင်ငံအတွက် အလွန်ထူးမြတ် ဂုဏ်ကျက်သရေရှိသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ယခု (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့အခါသမယတွင် ပြည်ထောင်စုကြီး ထာဝရတည်တံ့ရေး ကြိုးပမ်းမှုနှင့်အတူ တစ်ဖက်တွင် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ နိုင်ငံ့အမျိုးဂုဏ် ဇာတိဂုဏ်၊ ဘာသာသာသနာမြင့်မားရေး၊ ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးစသည့် နိုင်ငံတော်တည်ဆောက် ရေးလုပ်ငန်းများတွင် ကိုယ်ကျိုးအဓိကမထားဘဲ စွမ်းစွမ်းတမံထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များအား အစဉ်အလာမပြတ် ချီးမြှင့်ကြရပေသည်။
နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရစသည့် တိုင်းပြည်၏အဓိကမဏ္ဍိုင်ကြီးများမှ တာဝန်ရှိသူများနှင့်အတူ ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ပုဂ္ဂိုလ်အသီးသီးတို့သည်လည်း လက်တွဲကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်ရာ မြန်မာနိုင်ငံ၏ (၇၆)နှစ်မြောက် နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွက် ထူးကဲသာလွန်စွာ အကျိုးပြုခဲ့ကြသောပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်ကို ဝမ်းမြောက်စွာမြင်တွေ့ခဲ့ရပေသည်။
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ကဏ္ဍများတွင် ထူးခြားထက်မြက်စွာစွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နယ်ဘက်၊ စစ်ဘက်ဆိုင်ရာတွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွမ်းဆောင်နိုင်ခဲ့ ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီစွာတီထွင်ဖန်တီးနိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များသည် ချီးမြှင့်ထိုက်သူများဖြစ်သည်။
ထို့အပြင် စာပေနှင့်အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသောပုဂ္ဂိုလ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအရှည်တည်တံ့ခိုင်မြဲရေးအတွက် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓသာသနာသုံးရပ်တွင် လောကဓမ္မနှစ်ဌာန အကျိုးပြီးစေသော သာသနာပြုလုပ်ငန်းများကို မဆုတ်မနစ်ကြိုးပမ်းအားထုတ်ခဲ့ကြ သည့် လူပုဂ္ဂိုလ်၊ သီလရှင်ပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့မှာလည်း ချီးမြှောက်ပူဇော်ထိုက် သောပုဂ္ဂိုလ်များဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်များအားလုံးကို ထူးခြားလေးနက်သည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့် အပ်နှင်းနိုင်သည်မှာ ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် (၇၆)နှစ်တာကာလတွင် နိုင်ငံတော်အစိုးရက စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးစသည့် ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်အကောင်အထည်ဖော်လျက်ရှိရာတွင် တစ်မူထူးခြားထူးချွန် ပြောင်မြောက်စွာထမ်းဆောင်ခဲ့ကြသောပုဂ္ဂိုလ်များအား သင်္ဂဟတရားနှင့်အညီ ချီးမြှင့်ဂုဏ်ပြုနိုင်သဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာ ဝပြောလာမည်ဟု ယုံကြည်ပါကြောင်း။ ။