ကမ္ဘာပေါ်ရှိနိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုရှိသော နိုင်ငံများရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှုမရှိသေးသော နိုင်ငံများလည်းရှိသည်။ နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပဋိပက္ခအမျိုးမျိုးရှိမည်ဖြစ်သော်လည်း အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။ တည်ငြိမ် အေးချမ်းမှုရှိသော နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အပြည့်အဝပိုင်ဆိုင်နိုင်သော်လည်း တည်ငြိမ်အေးချမ်းမှုမရှိသောနိုင်ငံများမှာ တိုးတက်မှုနှေးကွေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုရှိအောင် ဝိုင်းဝန်းကြိုးစားပြီး နိုင်ငံ့စီးပွားမြင့်မားတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုမှာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ကြသူများဖြစ်သည်။ ကျေးလက်နေလူဦးရေ ၇၂ ရာခိုင်နှုန်းအနက် ၄၅ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေးနှင့်အသက်မွေးကြသူများဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများလည်း တွဲဖက်လုပ်ကိုင်ကြသည်။ အခြားကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးနှင့်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရေရရှိရေး၊ မြေဩဇာ၊ အစားအစာ၊ မျိုးကောင်းမျိုးသန့်၊ စိုက်နည်းစနစ်တို့ကို ကြိုးစားအားထုတ်မှုဖြင့် ပေါင်းစပ်လုပ်ကိုင်မည်ဆိုပါက အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာဖူလုံရေးကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး၏ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားယုံကြည်မှုဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုမဏ္ဍိုင် ပြု၍ ချမှတ်ထားသော အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို လက်တွေ့ကျကျကျင့်သုံးပြီး ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့အကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွား မျှတစွာဖြစ်ပေါ်လာရေးအတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး အေးချမ်းပျော်ရွှင်စွာဖြင့် အသက်မွေးနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။
တည်ငြိမ်အေးချမ်းသည်နှင့်အမျှ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ခြင်းမှ တစ်ဆင့်တက်ကာ ပြည်တွင်းလိုအပ်ချက် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ ကုန်ချောတင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်းကုန်ချောလိုအပ်ချက် ပြည့်မီအောင်ထုတ်လုပ်လျက် ပြည်ပသို့ ကုန်ချောပြန်လည်တင်ပို့သူ (Exporter) အဖြစ်သို့ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကိုအားပေးမြှင့်တင်ဆောင်ရွက်ကာ အဆင့်မြင့်ထုတ်လုပ်မှုနည်းပညာများကို လေ့လာဆည်းပူး၍ အရည်အသွေးကောင်းမွန်သော တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်လျက် နိုင်ငံ့လူမှုစီးပွားဘဝ မြင့်မားတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၌ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်မှုအားနည်းခဲ့သည်။ အစိုးရအနေဖြင့် အလုပ်လုပ်နိုင်အောင် ဖန်တီးပေးရန်နှင့် အောင်မြင်မှုရရှိအောင် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ယူချိန်မှစ၍ ပြည်ပချေးငွေများ မရရှိခဲ့သည့်အပြင် စီးပွားရေးအရပါ ပိတ်ဆို့မှုများ များစွာကြုံခဲ့သည်။ ထို့ကြောင့် ပြည်တွင်းပို့ကုန်မှရရှိသည့် ငွေကြေးများနှင့်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ရသည်။ စားသုံးဆီ၊ စက်သုံးဆီလိုအပ်ချက်အတွက် နိုင်ငံခြားငွေအများ အပြားသုံးစွဲနေရသည်။ ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများအတွက် စက်သုံးဆီ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်တွင်းရေနံချက်စက်ရုံများ စွမ်းအားပြည့် လည်ပတ်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။ စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ထုတ်ပေးထားသည်။
နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ခေတ်နှင့်အညီ နိုင်ငံတကာနှင့်ရင်ပေါင်တန်းလိုက်ပါနိုင်ရေးအတွက် နည်းပညာအခြေခံသည့် ကုန်ထုတ် လုပ်ငန်းများကို မျက်ခြည်မပြတ် လေ့လာဆောင်ရွက်နေရမည်ဖြစ်သည်။ E-Market ပလက်ဖောင်းပေါ်တွင် စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ လိုက်ပါနိုင်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်နေရမည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထုတ်ကုန်များကို တစုတဝေးတည်း ရောင်းချနိုင်သည့်၊ ဈေးကွက်ချိတ်ဆက်ပေးနိုင်သည့် ဈေးကွက်ပလက်ဖောင်းသည် အကျိုးကျေးဇူးများ များစွာရရှိနိုင်သည်။ ပြည်ပမှ လာရောက်လည်ပတ်လေ့လာခွင့်များရရှိပြီး မြန်မာ့ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ရောက်ရှိစေနိုင်သည့် အစပြုခြေလှမ်းဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားကောင်းမွန်ရေးအတွက် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးသဖြင့် တည်ငြိမ်အေးချမ်းမှု တိုးတက်ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး တိုင်းရင်းသားပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာအောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်တွင် မည်သို့သောအခက်အခဲများရှိသည်ဖြစ်စေ ပြည်တွင်းအားဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်လျှင် အောင်မြင်မှုများရရှိလာမည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ပြည်တွင်းထုတ်ကုန်များ တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။