နေပြည်တော် ဇန်နဝါရီ ၁၀
အမှတ်(၈)စက်မှုသင်တန်းကျောင်း (သထုံ) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယသံအမတ်ကြီး Mr. Ashish Sharma နှင့် ဆက်ဆံရေးအရာရှိ Ms. Yadav၊ HMT International Ltd. မှ အထွေထွေမန်နေဂျာ Mr. Y. K. Vaish နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမှတ်(၈)စက်မှုသင်တန်းကျောင်း (သထုံ) စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများကို Video Clip ဖြင့်ပြသပြီး စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှတ်(၈)စက်မှုသင်တန်းကျောင်း (သထုံ) သည် အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်စေမည့် လေ့ကျင့်ရေးသင်တန်းကျောင်းအဖြစ် ဖွင့်လှစ်ဆောင်ရွက်တော့ မည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကျောင်းသည် အိန္ဒိယအစိုးရ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံနှင့် HMT International Ltd. (India) တို့ ပူးပေါင်းဆောင်ရွက်တည် ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကျောင်းကို အကောင်အထည်ဖော်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ခေတ်မီနည်းပညာများ လေ့ကျင့်သင်ကြားပေးနိုင်မည်ဖြစ်၍ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ပေးနိုင်မည့် မျှော်မှန်းချက်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း။
ယခုသင်တန်းကျောင်းသည် မြန်မာနိုင်ငံ၏ TVET ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် စက်မှုဝန်ကြီးဌာန၏ အဋ္ဌမမြောက်အောင်မြင်မှုအဖြစ် ဖြစ်တည်လာခဲ့ပြီး ရော်ဘာနည်းပညာသင်တန်းကို ပထမဆုံးဖွင့်လှစ်မည့် ထူးထူးခြားခြား သင်တန်းကျောင်းလည်းဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအောက်ပိုင်းတွင် စတင်ဖွင့်လှစ်သည့် သင်တန်းကျောင်းတစ်ခုအဖြစ် မိမိတို့၏ ကြိုးပမ်းအားထုတ်မှု မှတ်တိုင်အဖြစ် ထင်ရှားနေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ လူငယ်များအတွက် အရည်အသွေးပြည့်မီသော သက်မွေးပညာရေးအား သင်ယူတတ်မြောက်စေရန်၊ စီးပွားရေးတိုးတက်စေရန်ရည်ရွယ်၍ စက်မှုသင်တန်းကျောင်းအား တည်ထောင်ခဲ့ခြင်းဖြစ်သဖြင့် အိန္ဒိယနိုင်ငံအစိုးရကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ စက်မှုသင်တန်းကျောင်းသည် မြန်မာနိုင်ငံလူငယ်များအတွက် အကန့်အသတ်မရှိသော အခွင့်အလမ်းများ၊ အိပ်မက်များ၊ စိတ်ကူးစိတ်သန်းများ လွတ်လပ်စွာ မွေးဖွားပေးနိုင်သည့် လေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုဖြစ်လာပါစေဟု ဆန္ဒပြုအပ်ကြောင်း၊ နောင်လာမည့် မျိုးဆက်သစ်များအတွက် အမှတ်(၈)စက်မှုသင်တန်းကျောင်း (သထုံ) သည် ဂုဏ်ယူစရာအရင်းအမြစ်တစ်ခုအဖြစ် အမြဲတမ်းအောင်မြင်မှုရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံသံရုံး ဒုတိယသံအမတ်ကြီးက မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့် ထုတ်ကုန်အရည်အသွေးများ တိုးတက်ကောင်းမွန်စေရေးတို့အတွက် အမှတ် (၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ)၊ အမှတ်(၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ) တို့ကို ဖွင့်လှစ်နိုင်ရေးအတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုလွှဲပြောင်းပေးသည့် အမှတ်(၈)စက်မှုသင်တန်းကျောင်း (သထုံ)ကိုပါ ဖွင့်လှစ်နိုင်ရေးကူညီဆောင်ရွက်ပေးခဲ့သဖြင့် မြန်မာနိုင်ငံတွင် စက်မှုသင်တန်းကျောင်း (၃)ကျောင်းအား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် အမှတ်(၇)စက်မှုသင်တန်းကျောင်း (မုံရွာ)အား ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံစက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် HMT International Ltd. မှ အထွေထွေမန်နေဂျာ Mr. Y. K. Vaish နှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ကျေးဇူးတင်စကားများ ပြောကြားကြပြီး စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် HMT International Ltd. မှ အထွေထွေမန်နေဂျာတို့သည် အမှတ်(၈)စက်မှုသင်တန်းကျောင်း (သထုံ) လွှဲပြောင်းလက်ခံမှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် အမှတ်(၈)စက်မှု သင်တန်းကျောင်း (သထုံ) လွှဲပြောင်းခြင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အမှတ်(၈)စက်မှုသင်တန်းကျောင်း (သထုံ)တွင် Rubber Technology, CNC, Machinist, Electricion, Welder, IT ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကျောင်းအနေဖြင့် ကျွမ်းကျင်မှုအခြေပြု ရက်တိုသင်တန်း (၂) ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ပုံမှန်(၁)နှစ် သင်တန်းများကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)