မြစ်ကြီးနား ဇန်နဝါရီ ၁၀
(၇၆) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဖတ်ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်သစ်နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကချင်ပြည်နယ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သောနေရာများတွင် ထောက်ပံ့ပေးအပ်နိုင်ရန် နေရောင်ခြည်စွမ်းအင်သုံး အိမ်သုံးဆိုလာ (Panels 120W Solar Home Sys-tem) အစုံ ၁၅၀ ကို ပြည်နယ်အစိုးရအဖွဲ့ထံ ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကချင်ပြည်နယ်အစိုးရအဖွဲ့အတွက် MRTV DTD ငါးစုံနှင့် DVB T2 Set Top Box အလုံး ၅၀ ကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးထံလည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် MRTV DTD ငါးစုံနှင့် DVB T2 Set Top Box အလုံး ၅၀ ကို မြစ်ကြီး နားတပ်နယ်မှူးထံလည်းကောင်း ပေးအပ်သည်။
တပျော်တပါးစုပေါင်းဆင်နွှဲခဲ့
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်ရှေ့မနောကွင်း၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အပိတ်မနောအကကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်ခေါင်းဆောင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စုခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက မနောအကဦးဆောင်သူ နောင်ရှောင်(Nau Shawng)များ၏ ဦးဆောင်မှုဖြင့် ရိုးရာအစဉ်အလာနှင့်အညီ မနောကွင်းအတွင်း တပျော်တပါးစုပေါင်းဆင်နွှဲခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ကချင်ပြည်နယ်နေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် ပြီးနောက် ၆ ရက်အကြာ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် ကချင်ပြည်နယ်ကောင်စီညီလာခံကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံးသောသမ္မတစဝ်ရွှေသိုက် ကိုယ်တိုင်တက်ရောက်၍ ကချင်ပြည်နယ်အစိုးအရ အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး ယင်းဇန်နဝါရီ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၇၆)နှစ်မြောက်အထိ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းတည်ငြိမ်ရေးအတွက် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိ သူများအား ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်းနိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းနိုင်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာသက်သက်ခိုင်တို့က စီးပွားရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်) ဆုရပုဂ္ဂိုလ်များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က လူမှုရေးဆိုင်ရာထူးချွန်ဆု(ပထမအဆင့်)ဆုရ ပုဂ္ဂိုလ်များကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့ဝင်များသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော်များမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်း ဘာသာပေါင်းစုံ ကွဲပြားကြသော်လည်း မိမိတို့၏ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားအဆုံးအမအတိုင်း ရင်းနှီးချစ်ကြည်စွာ ပေါင်းစည်းနေထိုင်ကြသည်ကို တွေ့ရှိရသည့်အတွက် ကြည်နူးဝမ်းသာရပါကြောင်း၊ ယုံကြည်ကိုးကွယ်မှုအရ ဘာသာတရားကွဲပြားကြသော်လည်း ဘာသာတရားအားလုံး၏ အဓိကသွန်သင်ဆုံးမမှုအနှစ်သာရမှာ “ကိုယ်နှုတ်စိတ်ဝမ်းငြိမ်းချမ်းခြင်း ဖြစ်သဖြင့် ယနေ့ကြွရောက်လာကြသည့် အသင်းတော်အသီးသီးမှ ဆရာတော်များ၊ ခေါင်းဆောင်များအနေဖြင့် မိမိတို့ဘာသာဝင်များကို သက်ဆိုင်ရာဘာသာတရား၏ သွန်သင်ဆုံးမမှုများနှင့်အညီ လမ်းညွှန်ပြသကြမည်ဟု အခိုင်အမာယုံကြည်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂိုဏ်းပေါင်းစုံခရစ်ယာန်အသီးသီးကလည်း ဆုတောင်းမေတ္တာပို့သလျက် စွမ်းဆောင်နိုင်သည့်ကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်ကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော် အသီးသီးကိုယ်စား ကက်သလစ်အသင်းတော်ဖာသာ ဒေါက်တာဂေါ်လူယုံဝါက ကျေးဇူးတင်ဝမ်းမြောက်ကြောင်းပြောကြားပြီး အသင်းတော်အသီးသီးမှ ခေါင်းဆောင်များနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ပေးအပ်လှူဒါန်း
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဂိုဏ်းပေါင်းစုံ ခရစ်ယာန်အသင်းတော်ခြောက်ခုမှ ဆရာတော်များနှင့် ဘာသာရေးခေါင်းဆောင်များထံ အမှတ်တရလက်ဆောင် သစ်သီးခြင်းနှင့် အလှူငွေကျပ် ၁၀ သိန်းစီကို ပေးအပ်လှူဒါန်းသည်။
ညနေပိုင်းတွင် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ် ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြား
ဦးစွာ ဂုဏ်ပြုညစာစားပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့မှသည် မိမိတို့၏ စည်းလုံးညီညွတ်မှုကို ပြသပြီး နိုင်ငံတော်နှင့် ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွနွေးထွေးပျော်ရွှင်စွာ သုံးဆောင်ကြပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ၏ ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို အားပေးကြည့်ရှုခဲ့ကြကာ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
