နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူသားအရင်းအမြစ်များ အဆင့်ဆင့် ပျိုးထောင်မွေးထုတ်ရေးကို စဉ်ဆက်မပြတ်ပြုလုပ်ပေးလျက်ရှိသည်။ ပျိုးထောင်ထားသည့် လူသားအရင်းအမြစ်ကောင်းများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်ကြသည်။ နိုင်ငံအတွက် အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် နိုင်ငံ့ဝန်ထမ်း ဆရာဆရာမများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးသည်။
နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ “အစိုးရတစ်ရပ်သည် ၎င်းတို့၏မူဝါဒကို အကောင်အထည်ဖော်၍ နိုင်ငံကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ နိုင်ငံကိုကောင်းအောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုကြည့်၍ မိမိတို့တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကာ နိုင်ငံအတွက်လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဇန်နဝါရီလ ၂၀ ရက်နေ့က ပုသိမ်တက္ကသိုလ်တွင် ပြောကြားခဲ့သည်။
ဆရာဟူသည် စေတနာ၊ ဝါသနာ၊ အနစ်နာ နာသုံးနာဖြင့် သွန်သင်ပြသသော အနန္တဂိုဏ်းဝင်ဖြစ်သည်။ ဆရာထက် ထူးချွန်ထက်မြက်သော တပည့်ကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ဆရာအရည်အသွေး၊ အရည်အချင်း၊ စိတ်ဓာတ်ကောင်းများ ပျိုးထောင်ထားသည့် မြတ်ဆရာဖြစ်သည်။ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်များ ပေါ်ထွန်းစေရန်အတွက် ခေတ်အဆက်ဆက်၊ ဘဝအဆက်ဆက် အဆက်မပြတ်ပျိုးထောင်ပေးနေသူများဖြစ်သည်။ ထို့ကြောင့် ပညာသင်ကြားပေးရေးတွင် နိုင်ငံရေးကင်းရှင်းရန်လိုအပ်ပြီး နိုင်ငံရေးထက် နိုင်ငံ့အရေးကိုမြော်တွေး၍ ပညာရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည်။
ပြီးခဲ့သည့်ကာလများက ဆရာ ဆရာမများသည် နိုင်ငံ့အရေးထက် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့ကြသဖြင့် နိုင်ငံအတွက်ရင်လေးဖွယ် စိတ်မကောင်းစရာအဖြစ်များနှင့် ကြုံတွေ့ခဲ့ရသည်။ လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ်မွေးထုတ် ပေးရေးအတွက် အဟန့်အတားအနှောင့်အယှက်များဖြစ်စေခဲ့သည်။ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ယာယီတာဝန်ယူထားခြင်းသာဖြစ်ပြီး ဆရာ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့တာဝန်များကို အမြဲတမ်းတာဝန် ထမ်းဆောင်နေသူများဖြစ်ကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကို ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်လျက်ရှိပြီး ပညာရပ်ပိုင်းဆိုင်ရာချီးမြှင့်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပညာသင်ကြားပေးခြင်းသည် အစိုးရအတွက်မဟုတ်ဘဲ နိုင်ငံအနာဂတ်အတွက်၊ တိုင်းပြည်အနာဂတ်အတွက် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်ဟု ခံယူထားရမည်ဖြစ်သည်။ သင်ကြားရေးတာဝန်ယူထားရသည့် ဆရာ ဆရာမများ အနေဖြင့် စဉ်ဆက်မပြတ်လေ့လာဆည်းပူးမှုများကို ဆောင်ရွက်၍ မိမိအရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေးပြည့်ဝနေအောင် ဆောင်ရွက်နေရန်လိုအပ်သည်။ အမှန်တကယ်တတ်ကျွမ်းပြီး မိမိတာဝန်ယူထားသည့် ဘာသာရပ်ကို ပိုင်နိုင်နေမှသာလျှင် မွေးထုတ်ပေးလိုက်သည့် တပည့်များလည်း ထူးချွန်ထက်မြက်မည်ဖြစ်ပြီး ၎င်းတို့ဘဝတိုးတက်ရေးအတွက် လက်တွေ့နယ်ပယ်တွင် အမှန်တကယ်အသုံးချနိုင်မည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက “တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” လူမှုရေးဦးတည်ချက်ကို ချမှတ်ထားသည်။ ထို့အပြင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ်အကောင်အထည် ဖော်လျက်ရှိသည်။ နိုင်ငံတော်၏အနာဂတ်အတွက် ရည်မှန်းချက်များ အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သဖြင့် ဒီမိုကရေစီ၏အခြေခံဖြစ်သော ဥပဒေနှင့်စည်းကမ်းများကို သိရှိနားလည်အောင် ဆောင်ရွက်ပေးရန်လိုအပ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးအသိအမြင်များ ရှိရန်လိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်ကို ဦးဆောင်ဦးရွက်ပြုကြမည့် လူသားအရင်း အမြစ်များပေါ်ထွန်းရေးတွင် တက္ကသိုလ်အဆင့်၌ ဥပဒေပညာများ၊ စီးပွားရေးပညာများ သင်ကြားပေးလျက်ရှိသည်။ သင်ကြားပေးလိုက်သော အသိပညာဗဟုသုတများနှင့် တွေးခေါ်မြော်မြင်နိုင်မှုများကို လက်တွေ့ဘဝတွင်အသုံးချ၍ အောင်မြင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်၏အနာဂတ်အတွက် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးရာတွင် ဆရာ ဆရာမများ၏အခန်းကဏ္ဍမှာ အရေးကြီးပြီး မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတနှင့် တွေးခေါ်မြော်မြင်မှု မြင့်မားအောင် နိုင်ငံ့အရေးကိုရှေးရှု၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။