မုံရွာ ဇန်နဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းခံရသည့် သရေစည်သူဘွဲ့ရ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သောဠသမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ နှင့် သီရိပျံချီဘွဲ့ရ သီတဂူ ကမ္ဘာ့ဗုဒ္ဒတက္ကသိုလ် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တ ကုသလ ဆရာတော်ကြီးများအား ဂုဏပူဇော်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ “ နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သောဠသမ ရွှေကျင်သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးက သမ္မောဒနီယသြဝါဒ ကထာမြွက်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ဂေါပကအဖွဲ့ဥက္ကဋ္ဌထံ အလှူရှင်များက ပုညရှင် သာသနာ့ဗိမာန်တော်ကြီးအတွက် အလှူငွေများပေးအပ် လှူဒါန်းကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာတွင် ပြုလုပ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်တော်အိတ် ၁၀၀ ၊ ဆီပိဿာ ၁၀၀ ဆက်ကပ်လှူဒါန်း ပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ ပဓာနနာယကဆရာတော် ဒေါက်တာ အရှင်သောဘိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်ကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ် က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဇေယျာလူမှု ထူးချွန်(ပထမ)အဆင့် ဆုတံဆိပ်၊ ဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ အောင်မြေဦးကျောင်းတိုက်သို့ ရောက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဇေယျာလူမှုထူးချွန်(ပထမ)အဆင့် ဆုတံဆိပ်၊ ဝတ္ထုငွေနှင့် လှူဖွယ် ပစ္စည်များအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)