ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြီးစီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအပြီး အာရှအဆင့်နှင့်ကမ္ဘာ့အဆင့် အားကစား ပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားအသင်းအဖွဲ့များကို နိုင်ငံတော်အဆင့် ထပ်မံဂုဏ်ပြုသည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပြီး “ယခုလို အောင်မြင်မှုရရှိကြသည့် အားကစားသမားများကို နိုင်ငံတော်အနေဖြင့် နိုင်ငံတော်အဆင့်အခမ်းအနားနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးနေသကဲ့သို့ အားကစားမောင်မယ်များအနေဖြင့်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်လိုသည့် စိတ်ဓာတ်များမွေးမြူပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ၏ သွန်သင်ဆုံးမလေ့ကျင့်ပေးမှုများအတိုင်း စည်းကမ်းရှိရှိ၊ အမိန့်နာခံမှုအပြည့်အဝနှင့် နည်းစနစ်မှန်မှန်၊ ပြင်းပြင်းထန်ထန် စဉ်ဆက်မပြတ်လေ့ကျင့်ဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
မျက်မှောက်ကာလတွင် နိုင်ငံတော်၌ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ အထူး လိုအပ်နေသောအခါကာလဖြစ်ပြီး အဆိုပါ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် နိုင်ငံ့ဂုဏ်ကို မြင့်မားတိုးတက်လာအောင် ပြန်လည်မြှင့်တင်ပေးရမည့်အချိန်အခါဖြစ်သည်။ နိုင်ငံ့ဂုဏ်မြင့်မားတိုးတက်လာအောင် ကြိုးစားအားထုတ်ကြရာ၌ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရသည်။ ကမ္ဘာ့အလယ်တွင် နိုင်ငံ၏ပုံရိပ်ကို မှေးမှိန်ပျောက်ကွယ်ခြင်းမရှိအောင် မြှင့်တင်ပေးနေကြသူများဖြစ်သည်။
အားကစားကဏ္ဍတွင် အောင်မြင်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းသည် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်၌ အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် ကြိုးပမ်းဆောင်ရွက်ပေးနိုင်သည်။ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်တစ်ခုရရှိလိုက်သည့်အခါတိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းသံ အခြားနိုင်ငံများအလယ်တွင် ကြက်သီးမွေးညင်းထအောင် လွင့်ပျံ့ခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် (၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစား ပြိုင်ပွဲ၊ ရိုမေးနီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ E-Sports ချန်ပီယံရှစ်ပြိုင်ပွဲ၊ ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၁၄)ခု စုစုပေါင်း ဆုတံဆိပ် (၂၄)ခု ဆွတ်ခူးပေးပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတော်အတွက် အောင်မြင်မှုများ စွမ်းဆောင်ပေးခဲ့ကြသည့် အားကစားသမားများကို နိုင်ငံတော်အဆင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်ဖြစ်ရာ ဆက်လက်၍လည်း အောင်မြင်မှုများ ယခုထက်ပိုမိုရရှိလာအောင် ရေကုန်ရေခန်း အစွမ်းကုန် ကြိုးပမ်းစွမ်းဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံတော်က အားကစားကဏ္ဍမြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး နောင်လာမည့် နိုင်ငံတကာအားကစားပြိုင်ပွဲအတွက်လည်း ပွဲမဝင်မီက ကြိုတင်ပြင်ဆင်အသင့်လေ့ကျင့်ကာ နိုင်ငံတော်အတွက် မြင့်မားသည့်အင်အားများ အသင့်မွေးမြူထားရမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ကျင်းပနိုင်ရန်စီစဉ်ထားပြီး အားကစားပွဲတော်ကြီးတွင် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေး၊ လူငယ်လူရွယ်များအပါအဝင် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ဝင်စားပြီး အားပေးပါဝင်ဆောင်ရွက်လာနိုင်ရေး၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်စေရန် အထောက်အကူပြုနိုင်စေရေးရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် မျိုးဆက်သစ်အားကစားသမားများအနေဖြင့် နိုင်ငံတော်က ပံ့ပိုးမြှင့်တင်ပေးမှုနှင့်အတူ သက်ဆိုင်ရာအားကစားကဏ္ဍအလိုက် ကြိုတင်လေ့ကျင့်ပြင်ဆင်ကာ လာမည့်နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)