နေပြည်တော် ဇန်နဝါရီ ၂၆
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်းသိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်တွင် တရားမဝင် တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းပေးပို့မှုများအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၂၃ ရက်မှစ၍ ရှောင်တခင်စစ်ဆေး ရှာဖွေဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ ၃ နေရာမှ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား ကျား ၁၀၀၂ ဦး၊ မ ၃၆ ဦး စုစုပေါင်း ၁၀၃၈ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်မှ တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိသူများက အကြမ်းဖက်အားပေး တရားမဝင်မီဒီယာများသို့သတင်းပေးကာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်ပြီး ဝါဒဖြန့်သတင်းအမှားများကို လူမှုကွန်ရက်တွင် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း အွန်လိုင်းလိမ်လည်မှုများနှင့် အခြားတရားမဝင် လုပ်ငန်းလုပ်ဆောင်သူများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ်ဆက်သွယ်၍ တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူများ သိရှိနိုင်ရေး သတင်းထုတ်ပြန်အပ်ပါသည်။