နေပြည်တော် ဇန်နဝါရီ ၂၇
ပညာရေးဝန်ကြီးဌာန၊ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၁၇) ကြိမ်မြောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့ဆုရရှိသူများဖြစ်ကြသည့် ဒေါက်တာ ထက်ထက်သန်းစိန်၊ဒေါက်တာ ဇော်ဇော်သိန်း၊ ဒေါက်တာ အိအိဖြိုး၊ ဒေါက်တာ ဝင့်ဝါဝါထွန်း၊ ဒေါက်တာ နန်းယဉ်ယဉ်မိုး၊ ဒေါက်တာ ချိုမာလွင်၊ ဒေါက်တာ ခင်မို့မို့နှင့် ဒေါက်တာ ဟိန်းလတ် တို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက မြန်မာဘာသာရပ်နှင့် အင်္ဂလိပ်ဘာသာရပ်တို့တွင် အကောင်းဆုံးစာတမ်းဆုများရရှိကြသည့် ဒေါက်တာ မြမြဝင်း၊ ဒေါက်တာ အေးစုငြိမ်း၊ ဦးခင်အေးနှင့် ဒေါ်ကေခိုင်ငြိမ်းတို့ကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေနှင့် ဦးရန်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဒေါက်တာ ညွန့်ဖေတို့က ဘာသာရပ်များအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် ဂုဏ်ပြုဆုရရှိကြသည့် စာတမ်းရှင်များကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများ၊ အကအလှများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေကြသည်။
ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များကို ချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဝါရင့်ပညာရှင်ကြီးများနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။