မိမိတို့နိုင်ငံတွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေ အချိုးအစားများပြားခြင်းကြောင့် လူဦးရေဆုလာဘ်ရရှိထားသည်ဟုပင် တင်စားထားသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက် လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်းအနက် ထက်ဝက်ခန့်သာလျှင် အလယ်တန်းအဆင့် ပညာတတ်မြောက်မှုအဆင့်၌သာ ရှိနေသည်။
နိုင်ငံတည်ဆောက်ရေးအတွက် လူသားအရင်းအမြစ် တန်ဖိုးမြင့်မားရန် လိုအပ်သော်လည်း အကြမ်းဖက်အဖျက်အုပ်စုတို့က နိုင်ငံ၏ပညာရေးကဏ္ဍ ထိခိုက်ပျက်စီးစေရန် အဖျက်အမှောင့် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိကြသည်။ ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို တိုက်ခိုက်ပြီး ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်မှု၊ အပြစ်မဲ့ပညာရေးဝန်ထမ်းအချို့ သတ်ဖြတ်ခံရမှုတို့မှာထင်ရှားသည်။ လွိုင်ကော်ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်တို့လည်း ပိတ်ခဲ့ရသည်။ လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် နိုင်ငံအတွင်းရှိ ဒေသအများအပြားတွင် ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိသည့်အတွက် ကလေးနှင့်လူငယ် ကျောင်းသားအရွယ်များ ပညာသင်ယူမှုအခွင့်အလမ်းတို့ ဆုံးရှုံးခဲ့ကြရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့ တက္ကသိုလ်များ ပုံမှန်ဖွင့်လှစ်ခဲ့ရာတွင်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်ဒေသများမှ ကျောင်းသား ကျောင်းသူများ သက်ဆိုင်ရာ တက္ကသိုလ်များဆီသို့ ရောက်မလာနိုင်ခဲ့ကြ။ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့ရှိ အချို့မြို့နယ်များတွင် ကျောင်းများမဖွင့်လှစ်နိုင်ခြင်းကြောင့် ၎င်းဒေသများမှ ကျောင်းသား ကျောင်းသူများ ထိခိုက်နစ်နာနေကြရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားပြောကြားရာတွင် “လာမည့် ဖေဖော်ဝါရီလ၊ မတ်လတို့တွင် အခြေခံပညာစာမေးပွဲများ ကျင်းပတော့မည်ဖြစ်ပြီး အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှတာဝန်ရှိသူများအားလုံး အထူးအလေးထားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ရွာအကျိုးလိုလားသူများအားလုံး အတူတကွ ဝိုင်းဝန်းပေါင်းစပ်၍ ဆောင်ရွက်ကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ “စာသင်နှစ်တစ်နှစ် နစ်နာခြင်းသည် ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် တိုင်းပြည်အတွက် ထိခိုက်နစ်နာစေခြင်းပင် ဖြစ်သည့်အတွက် နစ်နာမှုမရှိရအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဖျက်အမှောင့် လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကိုထိခိုက်နစ်နာအောင် လုပ်ဆောင်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်းညီညွတ်သည့်အားဖြင့် ပညာရေးကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။
အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများ၊ အဖျက်အမှောင့်လုပ်သူများ၏ အမှောင့်ပယောဂအမျိုးမျိုးတို့ကြောင့် ပြီးခဲ့သည့် စာသင်နှစ်များအတွင်း မြို့ပေါ်စာသင်ကျောင်းများ၌ပင် ကျောင်းအပ်နှံရန်၊ ကျောင်းတက်ရန် ပျက်ကွက်ခဲ့ကြပြီး စာသင်နှစ်များ ဆုံးရှုံးခဲ့ရသည့် ကျောင်းသား ကျောင်းသူများစွာရှိသည်။ မပျက်မကွက် ကျောင်းတက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူတို့ အသက်တစ်နှစ်ပြီးတစ်နှစ် ကြီးပြင်းလာခြင်းနှင့်အတူ ပညာရေးလည်း တစ်တန်းပြီးတစ်တန်း တက်ရောက်နိုင်ခဲ့ကြသည်။ မကြာမီ ရက်သတ္တပတ်အနည်းငယ်အတွင်း အခြေခံပညာစာမေးပွဲများ ကျင်းပတော့မည်ဖြစ်ရာ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး၊ ရင်သွေးငယ် ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့ရွာဒေသများအလိုက် အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖ ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။