Skip to main content

ဒစ်ဂျစ်တယ်နည်းပညာ ထိရောက်စွာအသုံးချ

ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာအားလုံးကို လွှမ်းခြုံလည်ပတ်နေပြီဖြစ်သည်။ သိပ္ပံနှင့်နည်းပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပယ်ကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး ထိရောက်စွာအသုံးချနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး စသည့်မျက်နှာစာအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်စွာအသုံးချနိုင်သည့်နိုင်ငံများသည် တိုးတက်အောင်မြင်ပြီး ရှေ့တန်းသို့ ရောက်လာကြသည်ကို တွေ့ရသည်။

မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာသည် တစ်ဟုန်ထိုး တိုးတက်မြင့်မားနေသဖြင့် မြန်မာနိုင်ငံအနေဖြင့် နောက်ကျမကျန်ရစ်ဘဲ လိုက်ပါဆောင်ရွက်ကြရမည်ဖြစ်သည်။ “ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာကိုဖန်တီးနေနိုင်ပြီဆိုသည်ကို သတိပြုမိကြရန်နှင့် မိမိတို့နိုင်ငံအနေဖြင့်လည်း ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန်၊ နောက်ကျမကျန်ရစ်စေရန်၊ ဒစ်ဂျစ်တယ်လူမှုဘဝ၊ ဒစ်ဂျစ်တယ်စီးပွားရေးဘဝများကိုထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ဦးရွက်ပြုလုပ်နေကြသည့် အသင်းအဖွဲ့များ၏ ငွေရတုအထိမ်းအမှတ် အခမ်းအနားကို “ဒစ်ဂျစ်တယ်မြန်မာသို့ Towards Digital Myanmar” ဟူသည့်ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ရာ နိုင်ငံတော်၏လက်ရှိဆောင်ရွက်နေသော ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များနှင့် လိုက်လျောညီထွေရှိပြီး ဒစ်ဂျစ်တယ်လုပ်ငန်းစဉ်များကို များစွာအထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ခေတ်နှင့်အညီတိုးတက် ပြောင်းလဲဖြစ်ပေါ်လာမှုများနှင့်အတူ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်ဖြင့် တက်လှမ်းနေသည်ကို တွေ့ရသည်။

နိုင်ငံတော်အနေဖြင့် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဦးဆောင်ကော်မတီကိုဖွဲ့စည်းထားပြီး ကော်မတီက ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်အတွက်အခြေခံကျပြီး အရေးအကြီးဆုံး လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားတစ်ဦးချင်းစီကို ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး မှတ်ပုံတင်ထားရေး e-ID စနစ်ကို ကူးပြောင်းရန်အတွက် National Database စနစ်ကို တည်ဆောက်အကောင အထည်ဖော်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များတွင် လက်တွေ့အသုံးချမည်ဖြစ်သည်။

ထို့ပြင် တီထွင်ဖန်တီးမှုစွမ်းရည်ကိုမြှင့်တင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို ဆောင်ရွက်နေပြီဖြစ်သည်။ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်သူတို့၏လူမှုစီးပွားဘဝကို တိုးတက်အောင် ဆောင်ရွက်ရန်ဆိုသည့်မျှော်မှန်းချက်ဖြင့် နိုင်ငံအတွင်း ကျေးလက်ဒေသများပါမကျန် နေရာဒေသမရွေး အသုံးပြုနိုင်ရန်အတွက် တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးကွန်ရက်များကိုဖြန့်ကြက် ထားပြီးဖြစ်သည်။ ဆက်သွယ်ရေးကွန်ရက်များကို ပိုမိုဖြန့်ကြက်နိုင်သည်နှင့်အမျှ တိုးတက်လာသည့် သတင်းအချက်အလက်နည်းပညာများနှင့်အတူ Facebook၊ You tube၊ Telegram အစရှိသည့် ဆိုရှယ်မီဒီယာအသုံးပြုမှုများ ကျယ်ပြန့်ဖြစ်ထွန်းလာပြီး အများပြည်သူအကျိုးရှိစွာအသုံးပြုလာနိုင်မည်ဖြစ်သည်။

ဒစ်ဂျယ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသဖြင့် ကောင်းကျိုးဖြစ်ထွန်းမှုများနှင့်အတူ ဆိုးကျိုးများကိုလည်း သတိပြုရမည်ဖြစ်သည်။ ဆိုရှယ်မီဒီယာကို အသုံးပြုကြရာတွင် စနစ်တကျ အကျိုးရှိရှိ အသုံးပြုကြရန်လိုအပ်သည်။ မိမိတို့ အသုံးပြုမှုသည် အခြားသူများကို ထိခိုက်နစ်နာမှုများမဖြစ်စေရေး၊ အထူးသဖြင့် နိုင်ငံတော်၏အမျိုးသားရေးစရိုက်လက္ခဏာများ၊ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော်၏အကျိုးစီးပွားများကို ထိခိုက်မှုမဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်ရေစီးကြောင်းသည် မျက်မှောက်ကာလတွင် တန်ဖိုးရှိသော သတင်းအချက်အလက်များ သိုမှီးဖြန့်ဝေရာနေရာဖြစ်သကဲ့သို့ အလိမ်အညာများ၊ မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည့် သတင်းအချက်အလက် စွန့်ပစ်ရာနေရာဖြစ်နေသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍအားလုံးတွင် ဒစ်ဂျစ်တယ်နည်းပညာကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန် မြှင့်တင်ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိအောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာကို အန္တရာယ်ကင်းစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် သုံးစွဲသူတစ်ဦးချင်းအလိုက် အသိပညာဗဟု သုတများရှိရန်လိုအပ်သကဲ့သို့ စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများကိုလိုက်နာနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။