Skip to main content

ပြည်သူ့အားဖြင့်ကာကွယ် မီးအန္တရာယ်

ပြီးခဲ့သည့်နှစ်က ဇန်နဝါရီလ တစ်လတည်းအတွင်းမှာပင် နိုင်ငံတစ်ဝန်း မီးလောင်မှု ၁၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်ငွေ ခုနစ်ဘီလီယံခန့်ရှိခဲ့သည်။ ဤသည်မှာ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမီးလောင်မှု ၁၄၉၉ ကြိမ် ဖြစ်ပွားခဲ့ရာတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ် ၆ ဒသမ ၇ ဘီလီယံကျော်ထက်ပင် ပိုမိုနေခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့်ပျက်စီး ဆုံးရှုံးမှုသည် ပမာဏအားဖြင့် ကြီးမားသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်သည့်အပြင် အများပြည်သူအတွက်လည်း ဥစ္စာပစ္စည်းဆုံးရှုံးမှုကိုရော အသက်ဆုံးရှုံးမှုကိုပါ ဖြစ်ပေါ်စေနိုင်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုအကြိမ်ရေ ပျမ်းမျှအားဖြင့် ၁၈၀၀ ကျော်ခန့်ဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး နှစ်စဉ် ၁၅ ဘီလီယံခန့်ရှိနေသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း မီးလောင်မှုအကြိမ်ရေ ၁၈၃၃၆ ကြိမ် ဖြစ်ပွားခဲ့ရာတွင် ငွေကျပ် ၁၅၅ ဘီလီယံကျော်ဖိုး ဆုံးရှုံးခဲ့ရသည်။ မီးလောင်မှုဖြစ်စဉ်များတွင် ပေါ့ဆမှုကြောင့် လောင်သည့် မီးကအများဆုံး ဖြစ်ပြီး လျှပ်စစ်ကြောင့် လောင်သည့်မီးက ဒုတိယအများဆုံးဖြစ်သည်ဟုဆိုရာ ကြိုတင်ကာကွယ်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ မီးအသုံးပြုမှုပြုလုပ်တိုင်း ဂရုစိုက်သုံးစွဲခြင်းဖြင့် မီးဘေးရှောင်၊ မလောင်ခင်က တားဆီးနိုင်ကြမည်ဖြစ်သည်။ ပြည်သူအားလုံး မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် နှိုးဆော်တိုက်တွန်းမှု၊ အသိပညာပေးမှုနှင့် စစ်ဆေးကြပ်မတ်မှုတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းအားဖြင့် မီးလောင်မှုဖြစ်စဉ်များ လျော့ပါးလာမည်ဖြစ်သည်။

မီးလောင်မှုအများစုသည် မီးသုံးစွဲသူတို့ပေါ့ဆရာမှ ဖြစ်ပေါ် ရခြင်းဖြစ်သည်။ ဘုရားမီးပူဇော်ခြင်း၊ အမွှေးတိုင်ထွန်းခြင်းတို့မှ အစပြု၍ မီးလောင်ခြင်း၊ ခြင်ဆေးခွေထွန်းထားရာမှ အိပ်ရာသို့ မီးကူးစက်လောင်ကျွမ်းခြင်း၊ ဆေးလိပ်သောက်နေစဉ် အိပ်ပျော်သွားရာမှ မွေ့ရာမီးလောင်ပြီး မီးကူးစက်ခြင်း၊ က‌လေးငယ်များကို ထမင်းဟင်းချက်ပြုတ်ခိုင်းရာမှ မီးလောင်မှုဖြစ်ခြင်း၊ သောက် လက်စဆေးလိပ်တိုကို ချထားရာမှကြမ်းခင်း၊ ထရံတို့ကို မီးစွဲလောင်ခြင်း၊ လျှပ်စစ်မီးပူ၊ မီးဖိုစသည်တို့ သုံးစွဲနေစဉ် မီးပျက်သွားရာ ခလုတ်မပိတ်ဘဲထားရာမှ မီးပြန်လာသည့်အခါ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခြင်း စသည့်ဖြစ်စဉ်များမှာ သတင်းများတွင် ထပ်ခါထပ်ခါတွေ့နေရသည့် မီးပေါ့ဆမှုများကြောင့်ဖြစ်ပေါ် ခဲ့ရသည့် မီးလောင်မှုများ ပင်ဖြစ်သည်။ မီးကိုမည်သည့်အတွက် သုံးစွဲသည်ဖြစ်စေ မီးအသုံးပြုသူတိုင်းက မီးဘေးအန္တရာယ်ကို မမေ့မလျော့သတိပြုပြီး ဂရုတစိုက်အသုံးပြုကြခြင်းအားဖြင့် မီးလောင်မှုများကို ကြိုတင်ကာကွယ်ရာရောက်မည်ဖြစ်သည်။

မီးသည် ရာသီချိန်ခါမရွေး လောင်ကျွမ်းနိုင်သော်လည်း ခြောက်သွေ့ပွင့်လင်းသည့်ရာသီ၊ အပူချိန်မြင့်မားသည့်ရာသီတို့တွင် ပိုမိုဖြစ်ပွားလေ့ရှိသည့်အလျောက် နိုင်ငံတစ်ဝန်းမီးဘေး လုံခြုံရေးအတွက် သက်ဆိုင်ရာကဒေသအသီးသီးတို့တွင် ပြည်သူများအား အသိပညာပေးခြင်း၊ စစ်ဆေးအကြံပြုခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ မီးဘေးကြိုတင် ကာကွယ်ရေးတွင် ပြည်သူလူထု၏အသိတရားရှိမှု၊ ပူးပေါင်းပါဝင်မှုတို့က အရေးကြီးသည်။ မြန်မာနိုင်ငံတွင် အများဆုံးဖြစ်ပွားသည့် ပေါ့ဆမီးများ လောင်ကျွမ်းမှုမဖြစ်စေရေး၊ လျှပ်စစ်မီးလောင်ကျွမ်းမှုများ မဖြစ်စေရေးတို့အတွက် မြို့ပြဒေသအိမ်ရာများတွင် အရေးပေါ်ရှောင်တိမ်းနိုင်ရန် လုံခြုံစိတ်ချရသည့်အစီအမံများ ပြုလုပ်ထားခြင်း၊ လျှပ်စစ်မီးအား မြင့်တက်ပါက အလိုအလျောက် မီးဖြတ်သည့် Breaker များ တပ်ဆင်ထားခြင်း၊ မီးလန့်အချက် ပေးစနစ်များ တပ်ဆင်ထားခြင်း၊ မီးသတ်ဆေးဘူးများ အထပ်တိုင်း၊ အခန်းတိုင်းတွင်ထားရှိပြီး သုံးစွဲပုံကို လေ့ကျင့်ထားခြင်း၊ အိမ်တွင်းလျှပ်စစ်ဝိုင်ယာကြိုးများ ပေါက်ပြဲဆွေးမြည့်နေမှုမဖြစ် စေရန် စစ်ဆေးလဲလှယ်ခြင်း၊ မီးအားကို ခံနိုင်ဝန်ထက်ပို၍ မသုံးစွဲခြင်း၊ လျှပ်စစ်မီးဖို၊ ဂက်စ်မီးဖိုသုံးစွဲမှုများကို ဂရုစိုက်သုံးစွဲခြင်း၊ ညမအိပ်မီ၊ အိမ်ပြင်သို့မထွက်မီ မီးဖို၊ မီးခလုတ်များကို ဂရုပြု၍ ပိတ်သွားခြင်းစသည်တို့မှာ မီးလောင်မှုဖြစ်ပေါ်မလာစေရန် ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များပင်ဖြစ်သည်။

မီးလောင်မှုဖြစ်စဉ်များကြောင့် မိမိတို့၏ မိသားစုများတွင် အိုးအိမ်စည်းစိမ်ဥစ္စာတို့ ပျက်စီးဆုံးရှုံးနိုင်သကဲ့သို့ ကြီးမားသည့် အန္တရာယ်လည်း ကျရောက်နိုင်သည်။ နိုင်ငံအတွက်လည်း မီးလောင်မှုကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့်အလျောက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ကြရပါမည့်အကြောင်း။  ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)