Skip to main content

ရွေးကောက်ပွဲများကျင်းပနိုင်ရေး တည်ငြိမ်အေးချမ်းမှုဖော်ဆောင်

လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသောအခြေအနေများအရ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်အနေဖြင့် ပုံမှန်မဟုတ်သည့် အခြေအနေများရှိနေဆဲဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) အရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့် ၆ လသက်တမ်းတိုးမြှင့်ခဲ့သည်။

နိုင်ငံတော်ကို ဆူပူအကြမ်းဖက်မှုများ၊ ၎င်းမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်မတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေး၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေးများ ကျင်းပနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်သူများ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်သည်။

ယနေ့နိုင်ငံတော်ကိုတာဝန်ယူနေသောအစိုးရသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်လာသောကြောင့် နိုင်ငံတော်ကို တာဝန်ယူခဲ့ရခြင်းဖြစ်သည်။ ပြည်သူများလိုလားတောင့်တသည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်” မယိမ်းယိုင်အောင် စောင့်ရှောက်ခဲ့ရသည်။ နိုင်ငံတော်တာဝန်ယူချိန်မှစ၍ ယနေ့ထက်တိုင် ရှေ့လုပ်ငန်းစဉ်တိုင်း၌ “လွတ်လပ်ပြီး တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ” ကျင်းပနိုင်ရေး အမြဲထည့်သွင်းဦးတည်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏ မျှော်လင့်ချက်ဆန္ဒများကို မျက်ခြည်အပြတ်မခံဦးတည်လုပ်ဆောင်လျက်ရှိသည်။

သို့သော် ဆန့်ကျင်ဘက်အဖွဲ့အစည်းများအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မျက်ကွယ်ပြုပြီး နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်အောင် မိုက်မဲသည့်အတ္တများကို ရှေ့တန်းတင်၍ အကြမ်းဖက်အဖျက်လုပ်ရပ်များကို နေ့စဉ်နှင့်အမျှ ဆောင်ရွက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ပုံမှန်အခြေအနေ၊ သာမန်အခြေအနေသို့ရောက်လာပါက နိုင်ငံတော်အာဏာကို မတရားဖြတ်လမ်းနည်းဖြင့် ရယူမည့် ၎င်းတို့၏အကြမ်းဖက်အစီအစဉ်များ ကျရှုံးသွားမည်ကို စိုးရိမ်နေကြ၍ ပုံမှန်အခြေအနေသို့မရောက်အောင် အဖျက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ပြုလုပ်နေကြသည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရက ပြည်သူများ၏ မျှော်လင့်ချက်၊ ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ပထမ ဦးစားပေးချမှတ်ထားသည့်အတိုင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရား ဥပဒေစိုးမိုးမှသာ ရွေးကောက်ပွဲများကို နိုင်ငံတစ်ဝန်း အကြားအလပ်မရှိ အားလုံး လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲများကို ရာခိုင်နှုန်းပြည့်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် အခက်အခဲများရှိသော်လည်း ပြည်သူအားလုံး၏ မဲပေးပိုင်ခွင့်များ မဆုံးရှုံးစေရေးအတွက် စွမ်းအားရှိသမျှလုပ်ဆောင်သွားမည်ဖြစ်သည်။ စည်းကမ်းစနစ်ကျနသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရအမြင့်ဆုံးဖြစ်သဖြင့် တိုင်းရင်းသားများအားလုံးက မိမိတို့ဒေသအခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေး နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပါဝင်နိုင်အောင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်မှရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လွှတ်တော်များက ရွေးချယ်ပေးနိုင်မည်ဖြစ်သည်။

နိုင်ငံလူဦးရေ၏ ပျမ်းမျှ ၂၈ ရာခိုင်နှုန်းခန့်သည် မြို့ပေါ်တွင်နေထိုင်ကြပြီး ၇၂ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြသည်။ အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ယခုအချိုးထက် ပိုမိုကွာဟနေသည်။ ထို့ကြောင့် မြို့ပေါ်တစ်ခုတည်း ဆန္ဒကိုမကြည့်ဘဲ ကျေးလက်နေပြည်သူများ၊ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ ဆန္ဒများကိုပါ အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ရာ ရွေးကောက်ပွဲများ နိုင်ငံတစ်ဝန်း အကြားအလပ်မရှိစေဘဲ အားလုံးပါဝင်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိလာစေရန် နိုင်ငံတော်ကို ဆက်လက်တာဝန်ယူ၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း။ ။