ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတစ်ခုတိုးတက်စေရန်အထွက် မောင်းနှင်အားများဖြစ်သည့် နိုင်ငံရေးအား စီးပွားရေးအားနှင့်ကာကွယ်ရေးအားများ ကောင်းမွန်နေရန်လိုကြောင်း” နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး အား (၃) အား ကောင်းမွန်ရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံရေးအား ကောင်းမွန်စေရန်အတွက် တိုင်းပြည်ကိုမှန်မှန်ကန်ကန်ဦးဆောင်နိုင်သူများက မှန်ကန်သည့်နိုင်ငံရေးလမ်းကြောင်းပေါ်တွင် စနစ်တကျဦးဆောင်နိုင် မည်ဆိုပါက တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး နိုင်ငံစည်းလုံးညီညွတ်မှု အားကောင်းနေမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ အားနည်းချက်များစွာရှိခဲ့သည်။ ပြီးခဲ့သည့်ကာလအတွင်းက မသမာသည့် မဲရလဒ်များဖြင့် နိုင်ငံတော်အာဏာကို ဖြတ်လမ်းနည်းဖြင့် ရယူနိုင်ရေးဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီကို မရိုးသားသည့်နည်းလမ်းဖြင့် ပုံဖော်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ စီးပွားရေးတွင်လည်း ပုဂ္ဂလိကကဏ္ဍကို အားပေးခြင်းမရှိဘဲ စီးပွားရေးစီမံခန့်ခွဲမှုလွဲမှားမှုများကြောင့် တိုင်းပြည်စီးပွားရေးကျဆင်းခဲ့ရသည်။ နိုင်ငံအတွင်း ရေခံမြေခံကောင်းများရှိသော်လည်း ကုန်ထုတ်လုပ်မှုများကို အားပေးမြှင့်တင်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပြည်ပသွင်းကုန်များကို ပိုမိုအားထားတင်းသွင်းခဲ့သောကြောင့် နိုင်ငံခြားငွေပိုမိုကုန်ကျပြီး ကုန်သယ်လိုငွေပြကာ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး GIP ကျဆင်းခဲ့သည်။ စီးပွားရေးအရနိုင်ငံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံအတွင်း နေထိုင်ကြသူအားလုံးက ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက လူတစ်ဦးချင်းဝင်ငွေတိုးတက်ပြီး စီးပွားရေးကောင်းမွန်လာမည်ဖြစ်သည်။ စီးပွားရေးအား ကောင်းမွန်မှသာ နိုင်ငံတော်၏ ကာကွယ်ရေးအားလည်း ကောင်းမွန်လာမည်ဖြစ်သည်။ ကာကွယ်ရေးစွမ်းပကားကောင်းမွန်စေရန် လိုအပ်သည်များအတွက် ငွေကြေးအမြောက်အမြား ကျခံသုံးစွဲရသည်။ လက်ရှိအချိန်တွင် နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်သားများက တာဝန်ထမ်းဆောင်လျက်ရှိပြီး တွဲဖက်အင်အားအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက တာဝန်ထမ်းဆောင်လျက်ရှိသည်။ အားလုံးသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဒိုင်ရန်အတွက် ခွင့်လွှတ်စွန့်စားသောစိတ်ဓာတ်ဖြင့် အသက်သွေးချွေး အမြောက်အမြားပေးဆပ်၍ နိုင်ငံကာကွယ်ရေးကို ကျေးစွာထမ်းဆောင်လျက်ရှိသည်။
တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် အစိုးရကို ကာကွယ်နေခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် တပ်မတော်သားရဲတပ်ဖွဲ့ဝင်များကို အတတ်နိုင်ဆုံးအသိအမှတ်ပြု ချီးမြှင့်ဂုဏ်ပြုအားပေးလျက်ရှိသည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးနေသူများအတွက် အစိုးရတစ်ရပ်တည်းသာမက အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ကာကွယ်ရေးတွင် ပါဝင်ထမ်းဆောင်နေခြင်းသည် တစ်နိုင်ငံလုံး တရားဥပဒေစိုးမိုးရေးအထက်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် လုံခြုံရေးပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များသည် အဓိကဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်ကောင်းအောင် ရုပ်ပိုင်း၊ စိတ်ပိုင်းတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်သည်။ စွမ်းရည်ရှိသည့် ကာကွယ်ရေးအတွက် တစ်ဦးချင်း အမြဲမပြတ်လေ့ကျင့်ပေးရန်လိုသလို စွမ်းအားရှိသည့်ကာကွယ်ရေးအတွက် အသုံးပြုလျက်ရှိသည် လက်နက်၊ ယန္တရား၊ စက်ကိရိယာ၊ အသုံးအဆောင်ပစ္စည်းများ အားလုံးခေတ်စနစ်နှင့် ကိုက်ညီသည့်ပစ္စည်းများ အသုံးပြုနိုင်ရန်လိုသည်။ ထို့ကြောင့် စွမ်းအားရှိသည့် ကာကွယ်ရေး၊ စွမ်းရည်ရှိသည်ကာကွယ်ရေးဖြစ်ရန်အတွက် တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ပေးခြင်းကို ကြိုဆိုရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတာ၀န်များ ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ၏အင်အားသည် နိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသည့် အင်အားရှိရန်လိုပြီး အရည်အချင်းပြည့်ဝသည် ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ရသည်။ တပ်ဖွဲ့ဝင်များသည် ပြည်သူများကြားတွင် နေထိုင်ကြရသဖြင့် ပြည်သူများက ယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူများနှင့် တစ်သားတည်းဖြစ်သည် ရဲတပ်ဖွဲ့ဝင်များဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း ပြဋ္ဌာန်းထားသည်ဥပဒေများကို သိရှိနားလည်ရန်လိုပြီး အသိတရားဖြင့် စည်းကမ်းဥပဒေများကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်သည်။
သို့ဖြစ်ရာ စစ်မှန်စည်းကမ်းပြည့်၀သည် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာ၌ နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအများ ကောင်းမွန်လာအောင် ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ကာ အင်းအားတောင်တင်းခိုင်မာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။