Skip to main content

မျိုး၊ မြေ၊ ရေ၊ နည်း (၄) ချက်ညီ

မိမိတို့နိုင်ငံ၏ စီးပွားရေးအခြေအနေသည် နိုင်ငံရေးပြဿနာများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ တားဆီးပိတ်ဆို့မှုများစသည့် အခက်အခဲ၊ အကျပ်အတည်းများကြားမှပင် တိုးတက်နေပါသည်ဟု ပြော၍ရသည့်အခြေအနေတစ်ရပ်တွင် ရှိနေသည်။ အကယ်၍သာ အဆိုပါအခက်အခဲများမရှိပါက ယခုထက်ပိုမို၍ ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မည်ဖြစ်ရာ လက်ရှိနိုင်ငံ၏ စီးပွားရေးသည် ဖြစ်သင့်ဖြစ်ထိုက်သည့်အနေအထားသို့ မရောက်ရှိသေး။

စီးပွားရေးတွင် အပေါင်းလက္ခဏာပြနေသော်လည်း တစ်ဖက်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို စားသုံးသူပြည်သူတို့ ခံစားနေကြရသည်။ ထုတ်လုပ်မှုနှင့် လိုအပ်မှုတို့အကြား ကွာခြားချက်များ ဖြစ်ပေါ်နေခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်မားနေခြင်းဟူသော အခြေခံအကြောင်းတရားများက ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် နိုင်ငံ၏အဓိကထုတ်ကုန်ဖြစ်သော စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထွက်ရှိလာရန် လိုအပ်လျက်ရှိပြီး နိုင်ငံတော်က ပံ့ပိုးကူညီအားပေးလျက်ရှိသည့် စိုက်ပျိုးသီးနှံများအားလုံး ပန်းတိုင်ရည်မှန်းချက်ထွက်ရှိစေရေး မျှော်မှန်းကြိုးပမ်းမှုများ အပြည့်အဝမရရှိခြင်းကလည်း အကြောင်းတရားတစ်ရပ်ပင်ဖြစ်သည်။ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိနိုင်မှသာ ကုန်ထုတ်လုပ်မှု မြင့်မားခြင်းနှင့်အတူ ထုတ်လုပ်သူတို့ ဝင်ငွေတိုးတက်လာမည်ဖြစ်သည်။ ဝင်ငွေတိုးတက်လာခြင်းက စားသုံးမှုကို ပိုမိုဖြစ်ပေါ်စေပြီး ဝယ်လိုအား မြင့်တက်လာမည်။ ဝယ်လိုအားနှင့် ရောင်းလိုအားတို့ မြင့်မားလာခြင်းက ငွေကြေးလည်ပတ်မှုကောင်းမွန်လာစေပြီး စီးပွားရေး ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်လာစေမည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စိုက်ပျိုးရေးထုတ်ကုန်များ ပန်းတိုင်အထွက်နှုန်း မရရှိခြင်း၊ အထွက်နှုန်းနည်းခြင်းတို့နှင့်ပတ်သက်၍ အဖြေရှာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်သည့် မျိုးကောင်းမွန်မှုရှိစေရေး မျိုးကောင်းမျိုးသန့်ရရှိအောင် ဖန်တီးပေးနိုင်ရမည်၊ မြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ခြင်းနှင့် သင့်လျော်သည့်မြေဩဇာများကို ရရှိအောင် ဖန်တီးပေးနိုင်ရမည်၊ စိုက်ပျိုးရေနှင့် အောင်ရေကို ဖူလုံစွာရရှိနိုင်ရေး ဖန်တီးပေးနိုင်ရမည်၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေး၊ ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်ရေး ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ အထက်ပါအချက်လေးချက်ဖြင့် ပြည့်စုံပါက စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည်ဖြစ်ပြီး ယခုထက် ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် တောင်သူတို့၏ ကာယ၊ ဉာဏ၊ ဝီရိယစိုက်ထုတ်မှုစွမ်းအားတို့က လွန်စွာအရေးပါသည်။ “တကယ်လုပ်လျှင် အဟုတ်ဖြစ်သည် ဆိုသည့် ဆိုရိုးအတိုင်းပင် မျိုး၊ မြေ၊ ရေ၊ နည်းဟူသည့် အဓိကလိုအပ်ချက် (၄) ချက်တို့ညီပါက စိုက်ပျိုးသီးနှံများအားလုံး ပန်းတိုင်ရည်မှန်းချက်ထွက်ရှိသည့် သာဓကများလည်းရှိသည်။ ဥပမာအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း စိုက်ပျိုးလျက်ရှိသည့် စူပါနှံကောက်စပါးမျိုးသည် ထွက်နှုန်းကောင်းပြီး ပြည်တွင်းနှင့် တရုတ်ဈေးကွက်ရှိသော စပါးမျိုးဖြစ်သည်။ သက်တမ်းရက် ၁၀၅/၁၁၀ သာရှိပြီး သွင်းအားစုအသင့်အတင့်မျှသာ လိုအပ်၍ ရေ၊ မိုး အဆင်ပြေပါက တစ်ဧကလျှင် စပါးတင်း ၁၂၀ မှ ၁၅၀အထိ ထွက်ရှိနိုင်သည်။ ၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် စူပါနှံကောက် စပါးကို ပျိုးထောင်စိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် တင်း ၁၃၀ ထွက်ရှိခဲ့ကြောင်း (၂၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသတင်း၌ တွေ့ရှိရာ တကယ်လုပ်လျှင် အဟုတ်ဖြစ်သည့်သက်သေပင် ဖြစ်သည်။

စိုက်ပျိုးစွမ်းအားမြှင့်တင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုမြင့်မားစေပြီး ပြည်တွင်းစားသုံးမှု ပိုလျှံစေခြင်း၊ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းတို့နှင့်အတူ ပြည်ပဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်ကာ နိုင်ငံ့စီးပွားလည်း ပိုမိုဖွံ့ဖြိုးနိုင်ပါမည့်အကြောင်း။ ။