Skip to main content

အရေးကြီးသွေးစည်း၊ အရေးကြုံသွေးဆုံ

မြန်မာတို့၏ ဆိုရိုးစကားတွင် “အရေးကြီးလျှင် သွေးစည်း၊ အရေးကြုံလျှင် သွေးဆုံဟူ၍ ဆိုကြသည်။ အကြောင်းရှိလျှင် ပေါင်းစည်းမှု မိသားစုစိတ်ဓာတ် ဖြစ်ပေါ်လာသကဲ့သို့ စည်းလုံးညီညွတ်မှုနှင့် မိသားစုစိတ်ဓာတ်ပေါ်ပေါက်လာလေ့ရှိသည်။ အလားတူ နိုင်ငံ့အရေးအရာကိစ္စများ ဖြစ်ပေါ်လျှင်လည်း စည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးစိတ်ဓာတ်များမှာ မနှိုးဆော်ဘဲ ဖြစ်ပေါ်လာလေ့ရှိသည်။ ဤသည်မှာ သွေးကစကားပြောလာသည့် အရေးကိစ္စဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနား ကျင်းပခဲ့ရာ ရုပ်ရှင်လောကသားအားလုံး တစုတရုံးတည်း သိုက်သိုက်ဝန်းဝန်း တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။ “ရုပ်ရှင်သည် ပြည်သူအတွက်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူကို အလုပ်အကျွေးပြုသည့် ရုပ်ရှင်လောကသား ညီအစ်ကိုမောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ ကြည်နူးဖွယ်အပြည့်ဖြင့် ပေါင်းစုညီညာ စုဝေးတက်ရောက်ဆင်နွှဲကြသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။ အနုပညာသည် ပြည်သူအတွက်ဟူသည့် တစ်ခုတည်းသောရည်ရွယ်ချက်ဖြင့် ဆုံစည်းကြခြင်းသည် စည်းလုံးခြင်းပင်ဖြစ်သည်။

အနုပညာရှင်များသည် ပြည်သူအတွက် ထာဝစဉ်အလုပ်အကျွေးပြုရုံသာမက တိုင်းပြည်အရေးကိစ္စကြုံတွေ့တိုင်းလည်း ပါဝင်လေ့ရှိသည်။ ပြီးခဲ့သည့်နှစ် မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများကို အနုပညာလောကသားများအားလုံး တတ်နိုင်သမျှ ထောက်ပံ့ကူညီကြ၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးကူညီကြသည့် ဆောင်ရွက်ချက်များသည် ကြည်နူးဝမ်းမြောက်စရာဖြစ်သည်။ ယင်းသည် “အရေးကြီးလျှင် သွေးစည်း၊ အရေးကြုံလျှင် သွေးဆုံဆိုသည့် မိသားစုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံ့အရေးအတွက် အမျိုးသားရေး စိတ်ဓာတ်ရှိခြင်းကို ပြသလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်၏အရေး၊ ပြည်သူများ၏အရေးကို ဆောင်ရွက်ရာတွင် အရေးအကြီးဆုံးအချက်မှာ လူတစ်ဦးတစ်ယောက်၏အရေးနှင့် အဖွဲ့အစည်းအရေးယှဉ်လာလျှင် အဖွဲ့အစည်းအရေးကို ဦးစားပေးရမည်ဖြစ်ပြီး အဖွဲ့အစည်းအရေးနှင့် နိုင်ငံ့အရေးယှဉ်လာလျှင် နိုင်ငံ့အရေး ဦးစားပေးဆောင်ရွက်နိုင်ရေးကို မှန်ကန်စွာ ခွဲခြားရှုမြင်ပြီး တိုင်းပြည်၏အနာဂတ်၊ ပြည်သူများ၏အနာဂတ်ကို ဝိုင်းဝန်းလက်တွဲကူညီဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အောက်ကျနောက်ကျဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံရှေ့တန်းရောက်လာရေးအတွက် စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ကဏ္ဍပေါင်းစုံတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မဖြစ်မနေလိုအပ်လျက်ရှိသည့် နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါအချက်များသည် အမြင့်ဆုံးနိုင်ငံ့အရေးကိစ္စဖြစ်သည်။ အဆိုပါအချက်များ အကောင်အထည်ပေါ်လာရန်အတွက် တိုင်းရင်းသားပြည်သူအားလုံးသည် စည်းလုံးညီညွတ်ကြရမည်ဖြစ်သည်။ နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် အမျိုးကိုချစ်မြတ်နိုးသည့်စိတ်စသည့် အစွန်းမရောက်သော အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံပြီး တိုင်းပြည်၏အနာဂတ်ကို ပုံဖော်ဖန်တီး တည်ဆောက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ပကတိအခြေအနေနှင့် အရှိတရားတို့အပေါ် အခြေခံပြီး လုပ်သင့်လုပ်ထိုက်သည်များကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံငယ်များ၏ အနေအထားအရဖြစ်စေ၊ နိုင်ငံ၏ပကတိအခြေအနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့သည် အရေးအကြီးဆုံး အလိုအပ်ဆုံးအခြေအနေဖြစ်သည်ကိုတွေ့ရမည်ဖြစ်သည်။ ထိုအခြေအနေသည် နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သည်။ အလိုအပ်ဆုံး၊ အဖြစ်သင့်ဆုံး ထိုအခြေအနေကို အမျိုးသားရေးပန်းတိုင်၊ အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်ဖြစ်သည်ကို နိုင်ငံသားအားလုံးက နားလည်လက်ခံပေးရန်လိုအပ်သည်။

စစ်အေးလွန်ကာလတွင် အင်အားကြီးနိုင်ငံအချို့က အင်အားနည်းနိုင်ငံငယ်များအပေါ်၎င်းတို့အလိုကျ ပုံဖော်ဖန်တီးနိုင်ရန် နည်းလမ်းပေါင်းစုံ၊ ဗျူဟာပေါင်းစုံဖြင့် ချဉ်းကပ်ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေး၊ ယဉ်ကျေးမှုပျက်သုဉ်းပါက နိုင်ငံသားများ၏ စိတ်ဓာတ်များပါ ပျက်ပြားပြီး ထိုမှ တစ်ဆင့် နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်၊ အမျိုးဂုဏ်ကာကွယ်လိုသည့် စိတ်ဓာတ်များပါ ပျောက်ကွယ်သွားပြီး စည်းလုံးညီညွတ်မှုပျက်ပြားကာ ဩဇာခံနိုင်ငံအဖြစ်သို့ ရောက်ရှိသွားနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ဒီမိုကရေစီစကားကို ရေလဲသုံးပြီး ဩဇာလောင်းရိပ်အောက် သွတ်သွင်းမှုများကို သတိချပ်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး အရေးကြီးလျှင် သွေးစည်း၊ အရေးကြုံလျှင် သွေးဆုံကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။