နိုင်ငံတစ်နိုင်ငံတွင် ဆက်သွယ်ရေးနည်းပညာ မြင့်မားလျှင်မြင့်မားသလို၊ ထိရောက်စွာအသုံးချနိုင်လျှင် အသုံးချနိုင်သလို နိုင်ငံအကျိုး၊ ဖွံ့ဖြိုးတိုးတက်မှုတန်ဖိုးများ မြင့်မားတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ဆက်သွယ်ရေးနည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး နိုင်ငံတိုးတက်ရေးကဏ္ဍမျိုးစုံတွင် ထိရောက်စွာအသုံးချနေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ရှေးဦးကာလက လူဖြင့်ဆက်သွယ်ရာမှ အချက်ပြဆက်သွယ်ရေးစနစ်၊ ရေဒီယိုဆက်သွယ်ရေးစနစ်၊ ကွန်ပျူတာဆက်သွယ်ရေးစနစ်မှသည် ဂြိုဟ်တုဆက်သွယ်ရေးစနစ်အထိ အဆင့်ဆင့်တိုးတက်လာခဲ့သည်။ ဆက်သွယ်ရေးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးစသည့်ကဏ္ဍပေါင်းစုံတွင် အရေးပါဆုံးလုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသမိုင်းကြောင်းတွင် တိုင်းပြည်အကျိုးအတွက် တပ်မတော်ဆက်သွယ်ရေးကဏ္ဍမှ များစွာအကျိုးပြုခဲ့သည်။ စစ်ရေးသာမက တိုင်းပြည်အကျိုးပြုလုပ်ငန်းများတွင်ပါ ထိရောက်စွာ စွမ်းဆောင်ပေးခဲ့သည်။
ဆက်သွယ်ရေးတပ်ဖွဲ့ကို ဒုတိယကမ္ဘာစစ်မတိုင်မီ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် စတင်အခြေတည်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ ဆက်သွယ်ရေးသင်တန်းတက်ရောက်ခဲ့သည့် စစ်သည် ၃၀ ဖြင့် ပြင်ဦးလွင် (မေမြို့) တွင် မြန်မာ့အချက်ပြဆက်သွယ်ရေးတပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ထိုကာလတွင် မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သော်လည်း လွတ်လပ်ရေးရရှိပြီးနောက် ဖြစ်ပေါ်လာသော ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုမျိုးစုံကြောင့် ဆက်သွယ်ရေးပစ္စည်း အမြောက်အမြားဆုံးရှုံးခဲ့ရပြီး မြန်မာပြည်အနှံ့အပြား ဆက်သွယ်ရေးပြတ်တောက်သွားခဲ့သည်။
ထိုသို့သောအခြေအနေတွင် ဆက်သွယ်ရေးအရာရှိ၊ စစ်သည်အနည်းငယ်က ပျက်စီးဆုံးရှုံးသွားသော ဆက်သွယ်ရေးပစ္စည်းများကို မနားမနေ ကြိုးစားပြုပြင်ပေးခဲ့သောကြောင့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး ရေဒီယိုဆက်သွယ်ရေးစနစ် ပြန်လည်ရရှိခဲ့သည်။ တပ်မတော်တစ်ရပ်လုံး ဆက်သွယ်ရေးစနစ် ပြန်လည်ရရှိခဲ့သည့် ထိုနေ့ကို ဆက်သွယ်ရေးတပ်ဖွဲ့၏ နေ့ထူးနေ့မြတ်အဖြစ် “ဆက်သွယ်ရေးတပ်ဖွဲ့နေ့” သတ်မှတ်ခဲ့သည်မှာ ထူးကဲမွန်မြတ်ပေသည်။ ထိုကာလမှစတင်၍ ဆက်သွယ်ရေးတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းကာ တပ်မတော် အကျိုး၊ တိုင်းပြည်အကျိုးအတွက် သယ်ပိုးထမ်းရွက်နိုင်ခဲ့သည်။
ဆက်သွယ်ရေးတပ်ဖွဲ့သည် နိုင်ငံတော်တွင် အရေးပေါ်ကြုံတွေ့လာသည့်အခါတိုင်း အဓိကပင်မတာဝန်ဖြစ်သည့် တပ်မတော်ကဏ္ဍ ဆက်သွယ်မှုမပြတ်တောက်စေရေး ဆောင်ရွက်ခြင်းသာမက ပြည်သူများအတွက် ရုပ်သံလွှင့်ကဏ္ဍများ၌လည်း ပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတော်၌ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ် ဂီရိဆိုင်ကလုန်းမုန်တိုင်းနှင့် ၂၀၂၃ ခုနှစ် မိုခါဆိုင်ကလုန်းမုန်တိုင်းဖြစ်စဉ်များတွင် ကူညီကယ်ဆယ်ရေးအဖွဲ့အသီးသီး၏ ကြီးကြပ်ကွပ်ကဲမှုလုပ်ငန်းများ အဆင်ပြေစေရေး အခက်အခဲများကြားမှ ဆက်သွယ်မှုရရှိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ဆက်သွယ်ရေးတပ်ဖွဲ့သည် တပ်မတော်အတွက် အရေးပါသည့်ကဏ္ဍကို ဆောင်ရွက်ပေးနေရုံသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း ပါဝင်ဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ရှေးဦးကာလတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖိုင်ဘာနက်ဝပ်ကို ၂၀၀၁ ခုနှစ်တွင် တည်ဆောက်ပေး နိုင်ခဲ့သည်။ စစ်ဘက်/ အရပ်ဘက်နှစ်ရပ်စလုံးတွင် အသုံးပြုနိုင်ခဲ့သည့်အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ICT ကဏ္ဍ တစ်ဟုန်ထိုး တိုးတက်မြင့်မားလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ဆက်သွယ်ရေးနည်းပညာကဏ္ဍမှနေ၍ အရှိန်အဟုန်ဖြင့် နိုင်ငံအကျိုး၊ လူမှုစီးပွားအကျိုး ဆောင်ရွက်နိုင်ကြသည်မှာ ဆက်သွယ်ရေးတပ်ဖွဲ့၏ ကြိုးပမ်းစွမ်းဆောင်မှု ပါဝင်နေသည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။
မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကတည်းက တပ်မတော်၏အစိတ်အပိုင်း တစ်ရပ်အဖြစ်ပါဝင်သည့် ဆက်သွယ်ရေးတပ်ဖွဲ့အနေဖြင့် “မြန်ရမည်၊ မှန်ကန်သေချာရမည်၊ လုံခြုံမှုရှိရမည်၊ အီလက်ထရောနစ်စစ်ဆင်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ရမည်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အကောင်းဆုံးကျေပွန်အောင် ထမ်းဆောင်နေသည်ကို မြင်တွေ့ ရမည်ဖြစ်သည်။ ဆက်သွယ်ရေးတပ်ဖွဲ့အနေဖြင့် မျက်မှောက်ခေတ်စစ်ပွဲများတွင် မရှိမဖြစ်အရေးပါသည့် Electronic Warfare (EW) အောင်မြင်စွာဆင်နွှဲနိုင်ရေးအတွက်လည်း ကြိုးစားလေ့ကျင့်တည်ဆောက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
သို့ဖြစ်ရာ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှပင် တပ်မတော်နှင့်အတူ ပေါက်ဖွားလာသည့်၊ ခေတ်အဆက်ဆက်တွင်လည်း တိုင်းပြည်နှင့် လူမျိုးအကျိုး၊ တပ်မတော်၏အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့်၊ စိန်ရတုကာလနောက်ပိုင်းတွင်လည်း တပ်မတော်၏ အားထားရသော လက်ရုံးတပ်ဖွဲ့ဖြစ်သည့် ဆက်သွယ်ရေးတပ်ဖွဲ့သည် အစဉ်အလာကောင်းများကို ထိန်းသိမ်း လျက်တိုင်းပြည်အကျိုးကို ဆက်လက်သယ်ပိုး ထမ်းဆောင်နေမည်ဟု ယုံကြည်ပါသည်။ ။