ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးမက အများအပြားစုပေါင်း နေထိုင်ကြသော နိုင်ငံများစွာရှိသည်။ နိုင်ငံ၏ဖွဲ့စည်းတည်ဆောက်ပုံအရ တစ်ပြည်ထောင်စနစ်ကျင့်သုံးသည့် နိုင်ငံများရှိသလို ပြည်ထောင်စုစနစ်ကျင့်သုံးကြသည့် နိုင်ငံများလည်းရှိကြသည်။ ပြည်ထောင်စုစနစ်ကျင့်သုံးကြရာတွင် ပြည်ထောင်စုအစိုးရ(ဝါ)ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အခြေခံဥပဒေဖြင့် အာဏာပိုင်းခြားခွဲဝေသတ်မှတ်ပေးထားခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၊ အာရပ်စော်ဘွားများ ပြည်ထောင်စုစသည်ဖြင့် ပြည်ထောင်စုအမည်ခံယူထားသည့် နိုင်ငံများရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကဲ့သို့ ပြည်ထောင်စုအမည်ခံယူမထားသော်လည်း ပြည်နယ်များ၊ လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ဖွဲ့စည်းထားသည့် နိုင်ငံများလည်းရှိကြသည်။ ပြည်ထောင်စုအမည်ကို ခံယူသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ လူမျိုးများ၊ ပြည်နယ်ဒေသများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် နိုင်ငံတိုင်းမိမိတို့၏နိုင်ငံကို မပြိုကွဲမပျက်စီးစေရန် ကာကွယ်ထိန်းသိမ်းမှုတို့ ပြုလုပ်ကြရသလို၊ နိုင်ငံတိုးတက်ကြီးပွားဖွံ့ဖြိုးစည်ပင်လာရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရသည်။ တစ်ရေတည်း၊ တစ်မြေတည်း၊ တစ်ဆက်တစ်စပ်တည်း တည်ရှိနေသည့် ပြည်နယ်များကို စုစည်း၍ ပြည်ထောင်စုတည်ထောင်ကြရခြင်းမှာ နိုင်ငံအင်အားခိုင်မာ တောင့်တင်းရေးအတွက် ဖြစ်သည်။ နယ်မြေပိုင်နက်ကျယ်ဝန်းပြီး လူဦးရေများပြားသည့်နိုင်ငံအနေဖြင့် စီးပွားရေးတွင်လည်း နိုင်ငံနှင့်လိုက်လျောညီထွေသည့် အရွယ်အစားဖြစ်လာနိုင်သလို ကာကွယ်ရေးတွင်လည်း နိုင်ငံနှင့်လျော်ညီသည့်အင်အားဖြစ်လာနိုင်သည်။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ယနေ့ကမ္ဘာ့မြေပုံပေါ်တွင် တွေ့ရှိနိုင်သည့် မြန်မာနိုင်ငံ၏ ပိုင်နက်နယ်နိမိတ်ပြမြေပုံသည် ၁၉ ရာစုနှောင်းပိုင်းကာလ မြန်မာတစ်နိုင်ငံလုံးကို နယ်ချဲ့တို့သိမ်းပိုက်ချိန်တွင်ရှိခဲ့သည့် မြန်မာ့နယ်နိမိတ်ပင်ဖြစ်သည်။ ဤနယ်နိမိတ်အတွင်းရှိနေသည့် တောင်ပေါ်၊ မြေပြန့်၊ မြစ်ဝှမ်း၊ ကမ်းရိုးတန်းဒေသအသီးသီးတို့တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးတို့ နှစ်ပရိစ္ဆေဒများစွာ အေးအတူပူအမျှစုပေါင်းနေထိုင် လာခဲ့ကြသည်ကို သမိုင်းစာမျက်နှာများတွင် ပြန်လည်လေ့လာ ကြည့်နိုင်သည်။ ယနေ့ EAO အချို့၏ လက်သုံးစကားဖြစ်သည့် ဗမာလူမျိုးကြီးဝါဒဟူသည့် ဝေါဟာရမှာ လွတ်လပ်ရေးရယူနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ စည်းလုံးညီညွတ်ရေးအတွက် အကြိတ်အနယ်ကြိုးပမ်းနေကြစဉ် နယ်ချဲ့အစိုးရကိုယ်စားလှယ်အုပ်စုက နောက်ကွယ်မှ သွေးခွဲသပ်လျှိုမှုများ ပြုလုပ်ရာမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံကို မဖြစ်မနေလွတ်လပ်ရေး ပေးရတော့မည့်အချိန်တွင် ယင်းနိုင်ငံ၏ အနာဂတ်ပျက်စီးရာ ပျက်စီးကြောင်းအတွက် အဖျက်မျိုးစေ့ကို ကောက်ကျစ်ယုတ်မာစွာဖြင့် ချထားခဲ့ခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံထက် လအနည်းငယ်စော၍ နယ်ချဲ့ထံမှ လွတ်လပ်ရေးရခဲ့သည့် အိန္ဒိယတွင် ဘာသာရေးကိုအကြောင်းပြု၍ နိုင်ငံသုံးပိုင်းကွဲခဲ့သည်။ တစ်ဆက်တည်းမှာပင် နယ်မြေခွဲဝေပိုင်းခြားမှု၊ အဓိကရုဏ်းများ ဖြစ်ပေါ်လာမှုတို့ကြောင့် တစ်ပြည်တည်း သားချင်းသတ်ဖြတ်ကြရာမှ လူသန်းနှင့်ချီ၍သေဆုံးခဲ့ရသည်။ မည်သို့ပင်ဆိုစေ အိန္ဒိယသည်အတိတ်၏ ဒဏ်ရာဒဏ်ချက်များကို ကုစားကာနိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် ကြိုးပမ်းလုပ်ကိုင်ကြမှုကြောင့် အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ တက်လှမ်းကာ ကမ္ဘာ့တတိယစီးပွားရေး အကြီးမားဆုံးနိုင်ငံအဖြစ်သို့ ဦးတည်နေပြီဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေပြီဖြစ်သည့် မိမိတို့မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားပြည်သူ အားလုံးစည်လုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်ကာ ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုးမာန်တက် စုပေါင်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ပါစေကြောင်း။ ။