Skip to main content

ပုဂံခေတ်ရေကန်များ လှူဒါန်းနိုင်ပြီ

ပုဂံဟုဆိုသည်နှင့် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပေါ်ရှိ ပတ်လည်မိုင် ၂၀ ခန့် အကျယ်အဝန်းရှိသော လွင်ပြင်ပေါ်တွင် ပြန့်ကျဲတည်ရှိနေသည့် စေတီပုထိုးဂူကျောင်းများနှင့် ရှေးဟောင်းအဆောက်အအုံများကိုသာ မိမိတို့တွေးမြင်မိကြသည်ချည်းဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် ပုဂံတွင် စေတီပုထိုးများသာမက ရှေးဟောင်းရေကန်၊ ရေတွင်း၊ အင်းအိုင်၊ တူးမြောင်းများ၊ ရေလမ်းကြောင်းများနှင့် ပုဂံခေတ် ရေအသုံးချမှုစနစ်များသည်လည်း အမွေအနှစ်များအဖြစ် တည်ရှိနေကြသည်။ ပုဂံ၏ ရှေးခေတ်ရေအရင်းအမြစ်များ၊ ရေစီမံခန့်ခွဲမှုဆိုင်ရာ အထောက်အထားများနှင့် ရှေးခေတ်အမွေအနှစ်များသည်လည်း ပုဂံဒေသ၏ စေတီပုထိုးဂူကျောင်းများနည်းတူပင် အားလုံးက အလေးအနက်ထား ထိန်းသိမ်းစောင့်ရှောက်မှုပြုရန် လိုအပ်လျက်ရှိသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ၂၀၂၁ ခုနှစ်က မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့ရာ ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းများအတွင်း ရေဝပ်ခြင်း၊ ရှေးဟောင်းအဆောက်အအုံပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ လမ်းများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ စင်စစ်ပုဂံရှိ ရှေးဟောင်းသာသနိကအဆောက်အအုံများတွင် ရေထွက်ပေါက်များနှင့် ရေထုတ်စနစ်များရှိပြီးဖြစ်သကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပါကလည်း စီးဆင်းစရာ ရေလမ်းကြောင်းများ ရှေးကပင် ရှိပြီးဖြစ်သည်။ သို့ရာတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ခေတ်ပေါ်အဆောက်အအုံများ ဆောက်လုပ်လာခြင်း၊ ဝင်းခြံတံတိုင်းများခတ်ခြင်း၊ လမ်းများဖောက်လုပ်ခြင်းစသည်ဖြင့် မဆင်မခြင်ဆောင်ရွက်မှုများကြောင့် ရှေးခေတ်ရေစီးရေလာများ၊ ရေလမ်းကြောင်းများ ပျက်စီးပျောက်ဆုံးကာ ဘုရားပုထိုး ဂူကျောင်းများအတွင်း ရေများဝင်ရောက်ခြင်း၊ ရေကြီးရေလျှံခြင်း တို့ ဖြစ်ပေါ်ခဲ့ရသည်။

ပုဂံခေတ်ရေအရင်းအမြစ်စီမံခန့်ခွဲမှုစနစ်တွင် ရေကန်များသည်လည်း လွန်စွာအရေးပါပြီး အချို့မှာ ယနေ့တိုင် ဒေသခံပြည်သူများ အသုံးပြုနေဆဲဖြစ်ပြီး အချို့ပြန်လည် ဆယ်ယူထိန်း သိမ်းရန် လိုအပ်လျက်ရှိခြင်းကြောင့် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ပုဂံခေတ် ရေအသုံးချမှုတွင် အဓိကအရင်းအမြစ်သည် တုရင်တောင်ခြေတွင် တည်ရှိပြီး ပုဂံမြို့အထက် ပေ ၂၅၀ အမြင့်တွင်ရှိနေသည့် မြကန်ဖြစ်သည်။ တုရင်တောင်မှ ကျလာသည့်ရေနှင့် အနီးဝန်းကျင်ချောင်းများမှ စီးလာသည့်ရေများကို မြကန်တွင် သိုလှောင်ပြီး ရေစစ်ကန်များဖြစ်သည့် အလံပုဂံကန်၊ အလယ်ကန်၊ မင်းနန်သူလေးထောင့်ကန်၊ ညောင် လက်ဖက်ကန်၊ ရွှေထီးကန်တို့မှတစ်ဆင့် ပုဂံကျုံးထဲသို့ ရေသွင်းခဲ့ခြင်းဖြစ်ကြောင်း သုတေသနပြု တွေ့ရှိခဲ့သည်ဟုသိရသည်။ ပုဂံတွင် ရှေးဟောင်းရေကန်ပေါင်း ၁၀၆ ကန်ရှိသည့်အနက် ၉၁ ကန်ကို ဦးစားပေးအလိုက် ဆယ်ယူထိန်းသိမ်းသွားမည်ဟု သိရသည်။ ပထမအဆင့်တွင် ရှေးဟောင်းရေကန် ၄၆ ကန်ကို ပြန်လည်တူးဖော်ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများ တတ်စွမ်းသမျှ လှူဒါန်းလိုသည်ဖြစ်စေ၊ ရေကန်တစ်ကန်ချင်း လှူဒါန်းလိုသည်ဖြစ်စေ လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ပေးပို့ဆက်သွယ်လှူဒါန်းနိုင်သည့် ဌာနများ၊ ဖုန်းနံပါတ်များကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်အသိပေး နှိုးဆော်ထားသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ရှေးခေတ်ရေအရင်းအမြစ်များနှင့်စပ်လျဉ်း၍ အထောက်အထားများ ရှာဖွေဖော်ထုတ်ခြင်း၊ သုတေသနပြုခြင်းလုပ်ငန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် နိုင်ငံတကာပညာရှင်များ ပူး‌ပေါင်း၍ နှစ်စဉ်တူးဖော်သုတေသနပြုခြင်း၊ ထိန်းသိမ်းခြင်းများ ပြုလုပ်လျက်ရှိသည်ဟုသိရသည်။ ပြောင်းလဲလာသော ရာသီဥတုအခြေအနေ များအရ ပုဂံ‌ဒေသအဓွန့်ရှည်တည်တံ့ရေးတွင် ရှေးခေတ်ရေအရင်းအမြစ်စီမံခန့်ခွဲမှုစနစ်များ စနစ်တကျထိန်းသိမ်းရေးနှင့် ရှေးဟောင်းရေကန်များ ပြန်လည်ဆယ်ယူထိန်းသိမ်းရေးတို့သည် အထူးပင်အရေးပါသည့်အလျောက် ရဟန်းရှင်လူပြည်သူအပေါင်း သဒ္ဓါကြည်ဖြူပါဝင်လှူဒါန်းကြခြင်းဖြင့် ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသော အကျိုးထူး အကျိုးမြတ်တို့ ရရှိနိုင်ကြပါစေကြောင်း။ ။