Skip to main content

စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွား

ယနေ့သည် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံးညီညွတ်ကြောင်း သက်သေထူပြနိုင်သည့် နေ့ဖြစ်သည်။ တစ်နည်းဆိုလျှင် လွတ်လပ်ရေးအတွက် ပြည်ထောင်စုသန္ဓေကို အခိုင်အမာမျိုးစေ့ချသည့်နေ့ဖြစ်သည်။

လွတ်လပ်ရေးကို လက်နက်ဖြင့် တိုက်ယူရုံဖြင့်မရ၊ စည်းလုံးညီညွတ်မှုဖြင့် တိုက်ယူမှသာရရှိခဲ့သည်ကို ပြည်ထောင်စုနေ့က အခိုင်အမာညွှန်းလျက်ရှိသည်။ နိုင်ငံလွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်မှုသည် အရေးအပါဆုံးဖြစ်သလို နိုင်ငံတည်ဆောက်ရေး၊ တိုးတက်ရေး၊ ဖွံ့ဖြိုးရေး၊ အောင်မြင်ရေး၊ ကာကွယ်ရေးတို့တွင်လည်း စည်းလုံးညီညွတ်မှုသည်ပင် အရေးအကြီးဆုံးဖြစ်သည်။ ပြည်ထောင်စုကြီး အဓွန့််ရှည်တည်တံ့ခိုင်မြဲရေးတွင်လည်း ညီညွတ်မှုသည် အသက်ဝိညာဉ်ဖြစ်သည်။

စည်းလုံးညီညွတ်မှုကို သက်သေထူမည့် ပင်လုံစာချုပ်မချုပ်ဆိုမီ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညတွင် မြန်မာတို့နှင့်ပူးပေါင်းပြီး လွတ်လပ်ရေးအရယူမည်ဟူသော သဘောတူညီချက်ကိုရရှိ၍ ဝမ်းမြောက်သည့် အထိမ်းအမှတ်အဖြစ် ရှမ်းစော်ဘွားများက ဂုဏ်ပြုညစာ တည်ခင်းဧည့်ခံပွဲ ကျင်းပခဲ့သည်။ ညစာစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းက “အချင်းချင်းသဘောကွဲလွဲမှုမျိုးတော့ နည်းနည်းပါးပါးတော့ရှိမှာပဲ။ ဒါပေမဲ့ သူတစ်ပါးနိုင်ငံကို လာရောက်စော်ကားလို့ အသက်စွန့်ပြီး မလျှော့တမ်း ကာကွယ်တိုက်ခိုက်တာကတော့ အားလုံးနဲ့သက်ဆိုင်တဲ့အလုပ်မျိုးဖြစ်တာပဲ” ဟု ပြောကြားခဲ့သည်။

မျက်မှောက်ကာလ၌ သူတစ်ပါးနိုင်ငံကို စစ်ရေးအရ တိုက်ရိုက်ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခြင်းမျိုး မရှိတော့သော်လည်း သွယ်ဝိုက်သောနည်းအားဖြင့် ထိပါးစော်ကားမှုများ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်တွင်း၌ အချင်းချင်းမညီညွတ်သရွေ့ သွယ်ဝိုက်သောအားဖြင့် စော်ကားခံနေရမည်ဖြစ်သည်။ တိုင်းပြည်လည်း ထောင်းထောင်းကြေ၊ လက်ဝေခံဘဝရောက်လေခြင်းသည် မညီညွတ်ခြင်းမှ အကြောင်းခံသည်။ စည်းလုံးညီညွတ်မှုကြောင့် အချုပ်အခြာအာဏာပိုင်သည့်အဖြစ်မှ မစည်းလုံးသောကြောင့် အချုပ်အခြာအာဏာဆုံးရှုံးနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

တိုင်းပြည် မတိုးတက်၊ မကြီးပွား တစ်ပါးလူမျိုးအောက် မျက်နှာငယ်ဘဝမျိုးဖြင့် နေနေကြရခြင်းသည် သွယ်ဝိုက်သောအားဖြင့် လွတ်လပ်ရေးဆုံးရှုံးခြင်းပင်ဖြစ်သည်။ ပင်လုံစာချုပ်အကြို ညစာစားပွဲတွင် “တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအား စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ၊ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်”ဟု ဗိုလ်ချုပ်က သတိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရသည်မှာ နှစ်ပေါင်း ၇၇ နှစ်ရှိပြီဖြစ်သည်။ ကြီးပွားချမ်းသာသူများမှာ အနည်းစုဖြစ်ပြီး ဆင်းရဲသူများမှာ အများစုဖြစ်နေဆဲဖြစ်သည်။ အောက်ကျနောက်ကျ မျက်နှာငယ်ရသည့်ဘဝဖြင့် သူတစ်ပါးလက်ဝေခံဘဝတွင် နေနေကြရသူများရှိသည်။ ဤသို့ဖြစ်ရခြင်းမှာ မညီညွတ်ခြင်း၊ မစည်းလုံးခြင်း၊ မကြိုးစားနိုင်ခြင်း အကြောင်းရင်းများဖြစ်သည်။ နိုင်ငံတော်အစိုးရက တိုင်းပြည်အဓွန့်ရှည်အောင်၊ တိုးတက်အောင်၊ ညီညွတ်အောင်၊ လူအများကြီးပွားအောင် လုပ်ငန်းစဉ်များ၊ ရည်မှန်းချက်များ ချမှတ်ထားသည်။ လက်တွေ့လည်း အကောင်အထည်ဖော်ပေးလျက်ရှိသည်။ တိုင်းရင်းသားပြည်သူအားလုံးက ညီညီညွတ်ညွတ် စုပေါင်းပါဝင်လုပ်ဆောင်ကြမှသာ အောင်မြင်မည်။

၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကာလတွင် ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူအတူတကွလက်တွဲကြိုးပမ်းရေး၊ တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍတို့ မြှင့်တင်ဆောင်ရွက်ရေး ဦးတည်ချက်ကို ချမှတ်ထားသည်။

ထို့အပြင် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး တိုင်းရင်းသားအားလုံးဝိုင်းဝန်းဆောင်ရွက်ရေး အမျိုးသားရေးဦးတည်ချက်များကို ချမှတ်ထားရာ တစ်တိုင်းပြည်လုံးကြီးပွားအောင် စည်းလုံးခြင်း အင်အားနှင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)