တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတွင် အစွန်းရောက်အမျိုးသားရေး စိတ်ဓာတ်နှင့်ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒတို့ကို လူမျိုးစုများအတွင်း မြှင့်တင်မှုပြုလုပ်ခြင်း၊ လူမျိုးရေးမုန်းတီးမှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လာအောင် ဖန်တီးခြင်းတို့က နိုင်ငံနှင့်ပြည်သူများအားလုံးအတွက် လွန်စွာအန္တရာယ်ကြီးသည်။ ကမ္ဘာ့နိုင်ငံများစွာတို့တွင် လူမျိုးစုများအတူတကွ ယှဉ်တွဲနေထိုင် ပူးပေါင်းလုပ်ကိုင်ရေး သို့မဟုတ် လူမျိုးစုစည်းလုံးညီညွတ်ရေးသည် ခက်ခဲသလောက် လူမျိုးရေးဆိုင်ရာ စိတ်ဓာတ်ကို မီးထိုးပေးပြီး သီးခြားဝိသေသလက္ခဏာများ ပြသခွဲခြားခြင်းက လွယ်ကူသည်ဖြစ်ရာ ရန်လိုစိတ်ရှိသည့် လူမျိုးစုခေါင်းဆောင်တို့က ယင်းနည်းလမ်းကို အသုံးချပြီး အာဏာကိုရယူလေ့ရှိကြသည်။
ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ဟစ်တလာ၏ နာဇီပါတီက ဂျာမန်လူမျိုးတို့ကို အာရီယန်အနွယ်ဝင် မဟာလူမျိုးကြီးအဖြစ် ဝါဒဖြန့်ခဲ့ပြီးဂျူးလူမျိုးများ၊ ဆလဗ်လူမျိုးများကို မုန်းတီးစေရန် လှုံ့ဆော်ခဲ့ကြသည့်ဥပမာမှာ ထင်ရှားသည့် ဥပမာတစ်ခုဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံရှိ တိုင်းရင်းသားအကြမ်း ဖက်သောင်းကျန်းသူ အချို့မှာလည်း ဟစ်တလာ၏ လမ်းစဉ်ကိုလိုက်ကာ အတူနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားပြည်သူများအကြား လူမျိုးတစ်မျိုးနှင့်တစ်မျိုး အထင်အမြင် လွဲမှားစေရန်၊ နာကြည်းမုန်းတီးမှုများ ဖြစ်ပေါ်စေရန် ဖန်တီးလုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို တိကျသည့် အမျိုးသားနယ်နိမိတ် (National Territories) အတွင်း နေထိုင် နေကြခြင်းမဟုတ်ဘဲ ရောနှောပျံ့နှံ့နေထိုင်ကြခြင်းဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေးတို့အရ လူနည်းစုများလည်း ရှိနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ မြို့တော်များ၊ မြို့ကြီးများ စသည်တို့တွင် တိုင်းရင်းသား လူမျိုးများပျံ့နှံ့နေထိုင်ကြပြီး စီးပွားရေး၊ ပညာရေး၊ လူမှုရေးအရလည်း အပြန်အလှန် ကူးလူးဆက်ဆံနေကြရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပါရှိသော ပြဋ္ဌာန်းချက်များအရ တိုင်းရင်းသားများအားလုံး၊ နိုင်ငံသားများအားလုံး လူမျိုးကြီး၊ လူမျိုးငယ်ဟူ၍မရှိ တန်းတူသာ ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံးကိုလည်း အဆင့်အတန်းခွဲခြား၍မထား၊ အတူတူသာလျှင် ဖြစ်သည်။ နိုင်ငံသားတိုင်းသည် မြန်မာနိုင်ငံအတွင်း မည်သည့်အရပ် ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။ အခွင့်အရေးများလည်း အညီအမျှပင် ခံစားခွင့်ရှိသည်။ မိမိနှင့် မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း မွေးဖွားသည့် တိုင်းရင်းသားမှဖြစ်သည့် နိုင်ငံသားတိုင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ်တွင်လည်းသစ္စာရှိ၊ အရည်အချင်းတို့နှင့်လည်း ပြည့်စုံလျှင် နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သော သမ္မတလည်း ဖြစ်ခွင့်ရှိသည်။ ဗမာလူမျိုးသာလျှင် ဖြစ်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားခြင်းမဟုတ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ရွေးကောက်ခံအစိုးရ နှစ်ဆက်မျှသာရှိသေးရာ နိုင်ငံတွင် ဒီမိုကရေစီသက်တမ်း ရင့်ကျက်လာသည်နှင့်အမျှ နိုင်ငံသား၊ တိုင်းရင်းသားတို့၏ အခွင့်အရေးများ ပိုမိုပီပြင်စွာ တွေ့ရှိလာမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ တိုင်းရင်းသားလူမျိုးများစွာ အတူတကွစုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံအတွင်း လူမျိုးရေးအစွန်းရောက်လှုံ့ဆော်မှုများ၊ လူမျိုးရေးမုန်းတီးမှုနှင့် ပဋိပက္ခများ ဖြစ်ပေါ်အောင် ဖန်တီးမှုများကို ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူအားလုံးက တစ်ခဲနက်ရှုတ်ချကြရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးအားလုံး အပြန်အလှန်ချစ်ခင်လေးစားမှု၊ နားလည်ယုံကြည်မှု၊ ရိုင်းပင်းကူညီမှုများ ခိုင်မြဲသည်ထက်ခိုင်မြဲအောင် တည်ဆောက်ကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ရေးသည် မိမိတို့အားလုံး၏ အမျိုးသားရေးတာဝန်အဖြစ် စွဲမြဲစွာခံယူကြရပါမည့် အကြောင်း။ ။