နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်တွေ့ဆုံပြီး သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်ချစ်စိတ်ဖြင့် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
သံတမန်သည် အချုပ်အခြာအာဏာပိုင် အခြားတိုင်းပြည်တစ်ပြည်သို့ မိမိတိုင်းပြည်အစိုးရကိုယ်စား တရားဝင်စေလွှတ်ခန့်အပ်ခြင်းခံရသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သံတမန်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ အစိုးရအတွက်မဟုတ်ဘဲ နိုင်ငံအတွက်အလုပ်လုပ်သူများဖြစ်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း ဆက်ဆံရာ၌ အလွန်အရေးပါသော ပုဂ္ဂိုလ်များဖြစ်သည်။ တိုင်းပြည်အကျိုးစီးပွားကိုရှေးရှု၍ နိုင်ငံတော်အပေါ် သစ္စာရှိစွာထမ်းရွက်ကြသူများဖြစ်သည်။
ကမ္ဘာ့နိုင်ငံများတွင်ရှိသည့် ဝန်ထမ်းများသည်လည်း ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ကြောင်း ဥပဒေအရ ပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ ဝန်ထမ်းများသည် ၎င်းတို့ထောက်ခံသည့်ပါတီကို မဲပေးနိုင်သော်လည်း လုပ်ငန်းတာဝန်ထမ်းဆောင်မှုအပေါ်တွင် သက်ရောက်မှုမရှိရန် သတိပြုရသည်။ ပါတီနိုင်ငံရေးနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်မှုကို စည်းခြားပြီး နိုင်ငံတော်၏အကျိုးကို သစ္စာရှိစွာ ထမ်းရွက်ကြရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အကြောင်းပြု၍ နိုင်ငံ့ဝန်ထမ်းအချို့သည် ပါတီနိုင်ငံရေးတွင် ပါဝင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသောနိုင်ငံဖြစ်သည်။ နိုင်ငံ၏ပထဝီအနေအထားအရ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့်ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသောအခြေအနေများကို မျက်ခြည်မပြတ်ဘဲ မြန်မာနိုင်ငံက ချမှတ်ထားသော မူဝါဒများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ကြရသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးပဋိပက္ခများကို အကြောင်းပြု၍ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ၊ ဖိအားပေးမှုများရှိနေချိန်တွင် သံတမန်များအနေဖြင့် ရှေ့တန်းမှ နိုင်ငံ့အကျိုးစီးပွားအတွက် ကြံ့ကြံ့ခံကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်နှင့် လူမျိုးအပေါ်သစ္စာရှိစွာဖြင့် တာဝန်သိစိတ်၊ တိုင်းပြည်ချစ်စိတ်များဖြင့် ထမ်းဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ စီးပွားရေး မြှင့်တင်နိုင်ရေးအတွက် မျက်ခြည်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး၊ နိုင်ငံသူ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မှုရရှိစေရေး၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ လုံခြုံစိတ်ချမှုရှိစေရေး ဆောင်ရွက်ပေးကြရသည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများသည် မည်သို့အခြေအနေရှိသည်ဖြစ်စေ မြန်မာနိုင်ငံသားများပင် ဖြစ်သည့်အတွက် ကြုံတွေ့နေရသည့် အခက်အခဲများကို တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိသည်။ မြန်မာနိုင်ငံသားတိုင်းသည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည်ဖြစ်သော်လည်း မြန်မာနိုင်ငံသားဟူသော စိတ်ဓာတ်ရှိကြသဖြင့် ၎င်းတို့အတွက် လိုအပ်ချက်၊ လုံခြုံစိတ်ချမှုတို့ကို ဆောင်ရွက်ပေးရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်ပအခြေစိုက် မီဒီယာများက မြန်မာနိုင်ငံ ပျက်စီးရာပျက်စီးကြောင်း တစိုက်မတ်မတ် သွေးထိုးလှုံ့ဆော်ပေးမှုများသည် ပြည်ထောင်စုကြီး၏ စည်းလုံးညီညွတ်မှုကို ပျက်စီးစေနိုင်သောကြောင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန် များကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် သံတမန်များ၏အခန်းကဏ္ဍသည် အရေးကြီးသည်။
သံတမန်များသည် နိုင်ငံတကာတွင် နိုင်ငံတော်အတွက် အရေးပါသည့် လုပ်ငန်းရပ်များကို တာဝန်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များဖြစ်၍ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေမှန်များနှင့် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲက တွေ့ဆုံဆွေးနွေး ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ရာ သံတမန်များအနေဖြင့် နိုင်ငံတော်၏အနာဂတ်အတွက် တိုင်းပြည်ချစ်စိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို သစ္စာရှိရှိ တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။