ဆက်သွယ်ရေးနည်းပညာများ တိုးတက်မြင့်မားလာသည်နှင့်အမျှ လောကလူသားများအတွက် ကောင်းကျိုးရလဒ်များကို ရရှိခဲ့ကြသလို မကောင်းမှုနှင့် လိမ်ညာလှည့်ဖြားမှုများလည်း တိုးတက်ဖြစ်ပေါ်နေသည်ကို ကြားသိနေကြသည်။ အွန်လိုင်းပေါ်တွင် လောင်းကစားမှုမှအစ လူကုန်ကူးမှု၊ သတင်းတုသတင်းမှားမျှဝေမှု၊ အယောင်ဆောင် ငွေကြေးအကျိုးအမြတ်ရှာဖွေမှုစသည့် လိမ်ညာလှည့်ဖြားမှု မကောင်းမှုမျိုးစုံတို့ပြုလုပ်နေကြသည်ကို အထူးသတိပြုကြရမည်ဖြစ်သည်။
အာရှတစ်လွှားတွင် အွန်လိုင်းအသုံးပြု လိမ်လည်အသုံးချမှုများ ပြုလုပ်နေသည့် ရာဇဝတ်ဂိုဏ်းများ တိုးပွားလာပြီး မြန်မာနိုင်ငံတွင်လည်း အလားတူ ရာဇဝတ်ဂိုဏ်းများရှိလာခဲ့သည်။ နိုင်ငံတော်အစိုးရက တရားမဝင် အွန်လိုင်းလောင်းကစားမှုများနှင့် ငွေကြေးလိမ်လည်မှုများကို အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲပူးပေါင်းတိုက်ဖျက်လျက်ရှိသော်လည်း အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ဆက်လက်ရှိနေသည်ကိုတွေ့ရသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တရားမဝင်အွန်လိုင်းလောင်းကစားဂိမ်းများနှင့် ငွေကြေးလိမ်လည်မှုများ ဂိုဏ်းဖွဲ့ပြုလုပ်သူ ၆၈၉ ဦးကို တာချီလိတ်မြို့တွင် ဖမ်းဆီးရမိခဲ့သည်။
မိုလ်ဘိုင်းဖုန်းအသုံးပြုသူ ပြည်သူများအနေဖြင့် ဖုန်းအတွင်းရှိ မိမိတို့နှစ်သက်သော အက်ပလီကေးရှင်းတစ်ခုခုကို ဖိနှိပ်လိုက်သည့်အခါ ဦးစွာကြော်ငြာတစ်မျိုးမျိုးနှင့် ငွေချေးနိုင်ရန် ကမ်းလှမ်းချက်များ တွေ့မြင်ရမည်ဖြစ်သည်။ မျက်မှောက်ကာလ၌ ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့်အခက်အခဲကို ဖြည့်ဆည်းပေးမည်ဟူ၍ အွန်လိုင်းငွေချေးလုပ်ငန်း အမြောက်အမြားပေါ်ထွက်လာသောအခါ ဖုန်းကိုင်ဆောင်ထားသူ ပြည်သူတစ်ယောက်အနေဖြင့် မိမိလိုအင်အတွက် ကလစ်တစ်ချက် နှိပ်မိသည့်အခါ သားကောင်ဘဝသို့ရောက်ကြလေသည်။
ယခုအခါ မိဘပြည်သူများအား အွန်လိုင်းပေါ်မှတစ်ဆင့် ချေးငွေအလွယ်တကူ ရယူနိုင်သည့် လုပ်ငန်းများကို တွေ့မြင်ရမည်ဖြစ်သည်။ အတိုးနှုန်းမြင့်မားစွာဖြင့် ငွေချေးပေးခြင်းများပြုလုပ်၍ တစ်ပတ်အတွင်း ပြန်ဆပ်ခိုင်းပြီး ပေးသွင်းခြင်းမရှိပါက ချေးငွေရယူစဉ် နည်းပညာအသုံးပြု၍ ၎င်းတို့ရယူထားသည့် အချက်အလက်များကို အသုံးချကာ ခြိမ်းခြောက်ငွေတောင်းခံခြင်းအမျိုးမျိုး၊ နောက်တစ်ဆင့်တက်၍ အရှက်ခွဲခြင်းအမျိုးမျိုးတို့ကို ပြုလုပ်လျက်ရှိသောကြောင့် မြန်မာနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနနှင့် မှုခင်းရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ရန်ကုန်မြို့၌ ဖော်ထုတ် အရေးယူဆောင်ရွက်နိုင်ခဲ့သည်။
ဆက်သွယ်ရေးနည်းပညာကို အသုံးပြုကြရာ၌ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးရန်ဖြစ်သလို နှောင့်ယှက်ဖျက်ဆီးသူများကိုလည်း ဖော်ထုတ်အရေးယူပေးလျက်ရှိသည်။ ကုမ္ပဏီတစ်ခုအမည် အသုံးပြု၍ အွန်လိုင်းချေးငွေနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှု၊ အများပြည်သူထံမှ ကုပ်သွေးစုပ်အမြတ်ထုတ် လိမ်လည်လုပ်ကိုင်နေသူများအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း တရားခံ ၁၃ ဦးနှင့် လက်တော့ပ် ၁၃၃ လုံး၊ ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ပြည်သူများ၏ လိုအပ်ချက်ကို အကြောင်းပြု၍ အွန်လိုင်းပေါ်မှ ဒုစရိုက်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါကုမ္ပဏီတစ်ခုတည်းအနေဖြင့်ပင် နာမည်တံဆိပ်အမျိုးမျိုးဖြင့် ချေးငွေအက်ပလီကေးရှင်းများအား အများပြည်သူ မြင်သာနိုင်ရန် လူအများအသုံးပြုလေ့ရှိသော တရားဝင်ငွေကြေး၊ လူမှုရေးအက်ပလီကေးရှင်း အမျိုးမျိုးတွင် ထည့်သွင်းကြော်ငြာထားကြသည်။ ချေးငွေရယူလိုသူအနေဖြင့် အဆိုပါအက်ပလီကေးရှင်းကို ဒေါင်းလုတ်ပြုလုပ်၍ အဆင့်ဆင့်ပြုလုပ်ပြီး ချေးယူလိုသူ၏ အချက်အလက်များကို ဖြည့်သွင်းပြီးသည့်အခါ သားကောင်အဖြစ်သို့ရောက်ရှိသွားသည်။ အချို့မှာ ငွေချေးယူခြင်းမရှိသော်လည်း အွန်လိုင်းလိမ်လည်ဂိုဏ်းများက အချက်အလက်များ ရရှိသွားသဖြင့် ခြိမ်းခြောက်ခြင်းအမျိုးမျိုးခံကြရသည်။ အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းများသည် လူငယ်လူရွယ်များအား အဖွဲ့များဖွဲ့ကာ ချေးငွေဆွဲဆောင်သည့်အဖွဲ့၊ အက်ပလီကေးရှင်းဒေါင်းလုတ်လုပ်ရန်ခိုင်းစေသည့်အဖွဲ့၊ ချေးငွေလျှောက်လွှာစိစစ်သည့်အဖွဲ့နှင့် ချေးငွေပြန်လည် ခြိမ်းခြောက်တောင်းခံသည့်အဖွဲ့ဟူ၍ လေးဖွဲ့ခွဲ ဆောင်ရွက်ကြသည်။
အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍ နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ငါးစာအမျိုးမျိုးပြုလုပ်၍ သားကောင်ကို မိအောင်ဖမ်းကြသည်။ သားကောင်မိသည့်အခါ နည်းပညာဖြင့် အချက်အလက်များရယူပြီး ငွေကြေးတောင်းခံခြင်းကို နည်းလမ်းအမျိုးမျိုးပြုလုပ်ကြသည်။ အရှက်ခွဲခြင်း၊ သိက္ခာချခြင်းတို့ကိုပြုလုပ်သောအခါ ချေးငွေယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ အရှက်မကွဲလို၍ လွှဲပြောင်းပေးလိုက် ရသည်။ ထိုအခါ ငွေကြေးပမာဏတစ်ခုအား ဆက်သွယ်ရရှိထားသည့် အသံဖိုင်၊ ဓာတ်ပုံ၊ မှတ်ပုံတင်စသည့် အထောက်အထားတစ်မျိုးမျိုးဖြင့် ထပ်မံ၍ ခြိမ်းခြောက်တောင်းသည့် အထပ်ထပ်အရှက်ခွဲသောနည်းလမ်းများကို အသုံးပြုခဲ့ကြသည်။
သို့ဖြစ်ရာ အွန်လိုင်းနည်းပညာကို အသုံးပြု၍ အရှက်ခွဲသည့်နည်းလမ်းကိုသုံး သည့် ငွေကြေးလိမ်လည်လုပ်ဆောင်နေသောဂိုဏ်းများ ပပျောက်စေရန်အတွက် မိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ငွေကြေးနှင့်ပတ်သက်သည့် မသင်္ကာဖွယ်ရာ အပြုအမူလုပ်ဆောင်မှုများတွေ့ရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး တိုက်ဖျက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။