Skip to main content

ကုန်ထုတ်မြင့်မား ဝင်ငွေများမှ စားသုံးမှုလည်း တိုးတက်နိုင်မည်

ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ကုန်ထုတ်တိုးမှ နိုင်ငံ့ဝင်ငွေတိုးမည်၊ နိုင်ငံ့ဝင်ငွေတိုးမှ နိုင်ငံအတွက်လိုအပ်သည့် တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးစသည့်လုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မည်ဟူသည့် အကြောင်းအကျိုးများကြောင့်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရာတွင် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့ခြင်းနှင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခြင်းတို့ကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့စေခဲ့ကာ အထိုက်အလျောက် တိုးတက်မှုကိုရရှိစေခဲ့သည်။ သို့ရာတွင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ရာ အဓိကအကြောင်းရင်းခံမှာ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်းတို့ကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍတို့ပါဝင်လျက်ရှိရာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ ရည်မှန်းချက်ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိခြင်းနှင့် အစိုးရနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများ အပြည့်အဝလည်ပတ်နိုင်မှုမရှိခြင်းတို့ကြောင့် ထုတ်ကုန်နည်းပါးမှု ဖြစ်ပေါ်နေရခြင်းဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးအတွက် တစ်ဧကအထွက်နှုန်းများတိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး၊ သီးထပ်စွမ်းအားများမြှင့်တင်ရေး ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း စီးပွားဖြစ် စနစ်တကျမွေးမြူခြင်း၊ တိုးချဲ့မွေးမြူခြင်းတို့ကို အားထည့်လုပ်ကိုင်ကြရန်လိုသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် တစ်ဆက်တစ်စပ်တည်းလုပ်ကိုင်နိုင်ပြီး အပြန်အလှန်အမှီသဟဲပြုနေသည့် လုပ်ငန်းများဖြစ်ရာ ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိနိုင်သည်။ အထူးသဖြင့် နိုင်ငံတကာတွင်အသုံးပြုနေသည့် ခေတ်မီစိုက်ပျိုးမွေးမြူရေး နည်းစနစ်များကိုလေ့လာ၍ မိမိနိုင်ငံနှင့်ကိုက်ညီသည့် နည်းစနစ်များကိုရယူအသုံးပြုကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခေတ်မီတိုးတက်ဖွံ့ဖြိုးလာအောင် ကြံဆောင်ကြိုးပမ်းကြရမည်ဖြစ်သည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုအပိုင်းတွင်လည်း စက်ရုံအလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန်လိုသည်။

ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးအတွက်လိုအပ်သည့် မျိုး‌စေ့၊ သွင်းအားစု၊ စိုက်စရိတ်ချေးငွေ၊ စိုက်ပျိုးရေနှင့် သီးနှံဈေးကွက်ရရှိရေး၊ မွေးမြူရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ချေးငွေ၊ နည်းပညာရရှိရေး၊ ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် ကုန်ကြမ်း၊ ဘဏ်ချေးငွေ၊ စွမ်းအင်နှင့် လောင်စာစသည်တို့ကို ပံ့ပိုးကူညီရမည်ဖြစ်သော်လည်း အဓိကအကျဆုံးမှာ စိုက်ပျိုးမွေးမြူထုတ်လုပ်သူတောင်သူများနှင့် ကုန်ထုတ်လုပ်ငန်းရှင်များပင်ဖြစ်သည်။ ကုန်ထုတ်လုပ်သူများ၏ အပြုသဘောဆောင်သော စိတ်ဖြင့် တိုးတက်ကြီးပွားအောင်လုပ်ကိုင်မှု၊ တီထွင်ကြံဆထိုးထွင်းဆောင်ရွက်မှု၊ လုံ့လဝီရိယဖြင့် အားထုတ်ကြိုးပမ်းမှုတို့ကသာ ကုန်ထုတ်လုပ်မှုကို တိုးတက်မြင့်မားအောင် မြှင့်တင်နိုင်ပါမည့်အကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)