Skip to main content

တိုင်းပြည်အကျိုးစီးပွားဖျက်ဆီးမှုများဖယ်ရှား

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ကျအဖွဲ့အစည်းများက ဥပဒေနှင့်အညီ နေ့စဉ်ထိရောက်စွာတိုက်ဖျက်လျက်ရှိရာ မတ်လ ၇ ရက်နေ့ တစ်ရက်တည်းတွင် တရားမဝင်စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များကိုပါ ဖမ်းဆီးရမိခဲ့သည့် သတင်းများကိုတွေ့ရသည်။

တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့်ကုန်ပစ္စည်းများ၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာများအတွင်းမှ ပိုမိုတင်ဆောင်လာသည့်ပစ္စည်းများ၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့သို့သယ်ဆောင်လာသည့် ယာဉ်တစ်စီးပေါ်မှ အထောက်အထားမပြနိုင်သည့် ကုန်ပစ္စည်းများ၊ ကရင်ပြည်နယ်အိန္ဒုကျေးရွာအနီး၌ မြဝတီမှ မော်လမြိုင်မြို့သို့ ယာဉ်တစ်စီးဖြင့်သယ်ဆောင်လာသည့် အထောက်အထားမပြနိုင်သည့် ကုန်ပစ္စည်းများ၊ မြဝတီမြို့ရှိ ဂိုဒေါင်အချို့မှ အထောက်အထားမပြနိုင်သည့် မော်တော်ယာဉ်နှင့် ကုန်ပစ္စည်းများ၊ မင်္ဂလာဒုံမြို့ ပုလဲ(၁)ရပ်ကွက်ရှိလုပ်ငန်းတစ်ခုနှင့် ရွာသာကြီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကုန်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ယခုရက်ပိုင်းတွင် နေ့စဉ်နေ့တိုင်းလိုလိုပင် နေရာဒေသအသီးသီး၌ တရားမဝင်ကုန်ပစ္စည်းအမြောက်အမြား ဖမ်းဆီးရမိသည့်သတင်းများ ကြားသိနေရသည်။ နိုင်ငံတော်၏ ကုန်သွယ်စီးပွားလုပ်ငန်းများနှင့် တရားဝင်ကုန်သွယ်စီးပွားလုပ်ငန်းများကို ထိခိုက်နစ်နာမှုဖြစ်စေသည့် တရားမဝင်ကုန်သွယ်လုပ်ငန်းများအား ယခုကဲ့သို့ ထိရောက်စွာ တားဆီးနိုင်မှုများကို ကြိုဆိုရမည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံတွင်ထုတ်ပြန်ထားသည့် ဥပဒေများကို ဖောက်ဖျက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာက နေ့စဉ်ရှာဖွေစစ်ဆေး အရေးယူနေသည့်ကြားမှ ဝိသမလောဘသားများက ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် ဥပဒေဖောက်ဖျက်လုပ်ဆောင်နေကြခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့များဖြင့်လည်းကောင်း၊ နယ်စပ်ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို ထိရောက်စွာ တိုက်ဖျက်လျက်ရှိသည်ကို တွေ့ရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ထိရောက်စွာဆောင်ရွက်ရာတွင် သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါသည့်အချက်ဖြစ်သည်။ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများအရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းရရှိမှုအကြိမ် ၁၀၀ ရှိခဲ့ပြီး သတင်းမှားရှစ်ကြိမ်၊ နောက်ကျသတင်း ငါးကြိမ်နှင့် ဖမ်းဆီးရမိမှု ၈၇ ကြိမ်ရှိခဲ့သည်။ ဖမ်းဆီးရမိမှုအမှုတွဲ ၁၉၈ မှု ဖွင့်လှစ်ထားပြီး ဆက်လက်ဖမ်းဆီးရမိသည့် အမှုတွဲများလည်းရှိသည်။ သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများအား ဖမ်းဆီးရမိခဲ့သည့် တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက်ရရှိမည့် အခွန်အခများဆုံးရှုံးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယားကိန်းဂဏန်းအချက်အလက်များ မှားယွင်းနိုင်ပြီး စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်များ မှားယွင်းသွားနိုင်ခြင်း၊ နိုင်ငံတော်၏ ဘဏ်စနစ်နှင့် ငွေကြေးစီးဆင်းမှုစနစ်ကို ထိခိုက်စေနိုင်ပြီး နိုင်ငံခြားငွေကြေးဈေးနှုန်းမတည်ငြိမ်မှုဖြစ်ပေါ်ခြင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်ပစ္စည်းများကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ဈေးကွက်ယှဉ်ပြိုင်မှုကျဆင်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ တရားမဝင်တင်သွင်းလာသည့် ဆေးနှင့် ဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများတွင် အတုအပနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများကြောင့် သုံးစွဲသူပြည်သူများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်ခြင်းစသည့် ဆိုးကျိုးများအပြင် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကကျသည့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများနှင့် ကုန်သွယ်စီးပွားတို့ကို ထိခိုက်ကျဆင်းစေနိုင်သည်။

သို့ဖြစ်ရာ နိုင်ငံတော်၏ စီးပွားတိုးတက်မှု၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ အစဉ်ပြေချောမွေ့စွာလည်ပတ်နိုင်မှုနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို ကြီးစွာထိခိုက်စေနိုင်သော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်ကူညီမှုဖြင့် တိုက်ဖျက်ဖယ်ရှားကြရမည်ဖြစ်ပါကြောင်း။   ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)