Skip to main content

ခေတ်သမိုင်း၏တာဝန် ကျေပွန်စွာ ထမ်းဆောင်

ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီး နှစ်နိုင်ငံကြားတွင် တည်ရှိနေသည့် မိမိတို့နိုင်ငံမှာ ပထဝီနိုင်ငံရေးရှုထောင့်မှ ကြည့်မြင်ပါက လွန်စွာပင် ထူးခြားလှပြီး အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုများပါ‌ ရောပြွမ်းတည်ရှိနေသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငတကာရေးရာတွင် နိုင်ငံတိုင်းက အမျိုးသားအကျိုးစီးပွားကိုသာ  ရှေးရှုကြရစမြဲဖြစ်ရာ ဧရာမနိုင်ငံကြီးနှစ်ခုကြားတွင် ရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့် ကျစ်လျစ်သိပ်သည်းခိုင်မာသော အမျိုးသားစည်းလုံးညီညွတ်မှုကို ထာဝရအကျိုးစီးပွားအဖြစ် မဖြစ်မနေ တည်ဆောက်ထားရန် လိုအပ်သည်ကို နိုင်ငံသားတိုင်းက သိနားလည်ထားကြရန်လိုသည်။

သို့ရာတွင် မိမိတို့နိုင်ငံ၏ မျက်မှောက်ကာလအခြေအနေမှာ အမျိုးသားစည်းလုံးညီညွတ်မှုတို့ စိုးရိမ်ဖွယ်ရာကောင်းအောင်ပင် လျော့ရဲချည့်နဲ့နေသည်။ အမြော်အမြင်နည်းပါးလှစွာသော နိုင်ငံရေးသမားအချို့၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့နှင့် ပြည်ဖျက်မီဒီယာများစသည်တို့က ၎င်းတို့အကျိုးစီးပွားများအတွက် ရည်ရွယ်ချက်ရှိရှိဖြင့် တပ်မတော်မုန်းတီးရေး၊ ဗမာလူမျိုး မုန်းတီးရေး လုပ်ကြံဖန်တီးမှုများ၊ ဝါဒဖြန့်ချိမှုများကို နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်လျက်ရှိသည်။ အဆိုပါဆောင်ရွက်ချက်များသည် ပြီးခဲ့သည့် အင်န်အယ်လ်ဒီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း အရှိန်အဟုန်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၏ အချို့သော အစိတ်အပိုင်းများအတွင်း တပ်မတော်၏ တည်ရှိမှုနှင့် ရပ်တည်ချက်အပေါ် ဆန့်ကျင်သည့်အမြင်များ ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် ဗမာလူမျိုးကြီးဝါဒဟူ၍ မည်သည့်အခါကမျှ မရှိခဲ့သောဝါဒကို အခြေအမြစ်မဲ့စွပ်စွဲမှုများ၊ တိုင်းရင်းသားလူမျိုးအားလုံးက ဗမာလူမျိုးအပေါ် အထင်အမြင်လွဲမှား မုန်းတီးမှုများ ဖြစ်ပေါ်လာအောင် ဝါဒဖြန့်ချိမှုများ၊ ဗမာအများစု ယုံကြည်ကိုးကွယ်ကြသည့် ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍လည်း နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြရာ ထွက်ပေါ်လာသည့်ရလဒ်မှာ ၁၃၅ မျိုးသော မြန်မာတိုင်းရင်းသားများအတွင်း စည်းလုံးညီညွတ်မှုလျော့နည်းလာခြင်း၊ တစ်နည်းအားဖြင့် အမျိုးသားအကျိုးစီးပွား ယုတ်လျော့လာခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်မှာပင် နိုင်ငံသစ်တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့သည့် အစ္စရေးနိုင်ငံကိုကြည့်လျှင် မိမိတို့အတွက် သင်ခန်းစာရယူနိုင်သည်။ မိမိတို့ နိုင်ငံတွင် တိုင်းရင်းသား ၁၃၀ ကျော် ရှိသကဲ့သို့ပင် အစ္စရေးနိုင်ငံတွင်လည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ကျော်မှ ပြန်လည်ပြောင်းရွှေ့လာကြသည့် မတူညီသော ဒေသနောက်ခံများမှ ဂျူးလူမျိုးများ စုပေါင်းနေထိုင်ကြခြင်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိ အာရပ်နိုင်ငံအားလုံးက အစ္စရေးနိုင်ငံ ဖြစ်တည်လာမှုကို လက်မခံသော၊ ဆန့်ကျင်သော နိုင်ငံများသာဖြစ်သည်။ နိုင်ငံအချို့ကဆိုလျှင် အစ္စရေးကို မြေလှန်၍ ဂျူးလူမျိုးအားလုံးကို ပင်လယ်ထဲသို့ မောင်းချရန်အထိပင် ရန်လိုခက်ထန်ကြသည်။ သို့ဖြစ်ရာ အစ္စရေးနိုင်ငံကို တည်ထောင်ခါစ ပထမမျိုးဆက် ဂျူးတို့မှာ နိုင်ငံတည်ရှိမှုနှင့် ၎င်းတို့၏ အသက်ရှင်သန်မှုတို့မှာ တစ်ထပ်တည်းပင်ဖြစ်နေသည့်အလျောက် နိုင်ငံတည်တံ့ရေးအတွက် နိုင်ငံသားတိုင်း ရုန်းကန်ကြိုးပမ်းကြရသည်။ ရန်လိုမုန်းတီးနေသူထံမှ ငြိမ်းချမ်းရေးနှင့် သက်ညှာမှုကို မျှော်လင့်နေ၍မရသည့်အလျောက် အရွယ်ရောက်သူတိုင်း သေနတ်ကိုင်၊ စစ်ပညာသင်ကြရသည်။ မိမိပိုင်နက်၊ မိမိပြည်သူ၊ မိမိအကျိုးစီးပွားကို ထိပါးသည်နှင့် အဆိပ်ပြင်းသည့် မြွေတစ်ကောင်သဖွယ် ချက်ချင်းတုံ့ပြန်သည်။ ယဉ်ကျေးမှု မြင့်မားပါသည်ဟူသော လူသားကမ္ဘာနှင့် လူ့အသိုင်းအဝိုင်းသည် ယနေ့ထက်တိုင် Might Is Right ဟူသော တောနက်ကြီးဥပဒေကိုသာ ကျင့်သုံးနေဆဲဖြစ်ရာ တစ်ခဲနက် ခိုင်မာသော စည်းလုံးညီညွတ်မှုနှင့် စစ်ရေးအသင့်ရှိမှုတို့ကြောင့်သာ အစ္စရေးနိုင်ငံ ယ‌နေ့တိုင်တည်တံ့နေခြင်းဖြစ်သည်။

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံ၏အခြေအနေအရပ်ရပ်တို့က ပြည်တွင်းစည်းလုံးညီညွတ်မှုနှင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိမှုတို့ကို ‌တောင်းဆိုနေပြီဖြစ်သည်။ သို့ဖြစ်ရာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ပြဋ္ဌာန်းခဲ့ပြီး သက်ဝင်ကျင့်သုံးခြင်းမရှိခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်စေကာ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံတာဝန် ထမ်း‌ဆောင်ရန် လိုအပ်လာပြီဖြစ်သည့်အလျောက် မိမိတို့ခေတ်တွင် မိမိတို့ ပခုံးပေါ်ကျရောက်လာသည့်‌ ခေတ်သမိုင်း၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့သားကောင်းများအဖြစ် ဂုဏ်ယူနိုင်ကြပါစေကြောင်း။ ။