မကူးစက်နိုင်သော ရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ သန်း ၄၀ ကျော် အသေအပျောက်ရှိနေသည်၊၊ မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ကင်ဆာ၊ သွေးချို/ ဆီးချို၊ နာတာရှည်အဆုတ်ရောင် စသည့် ရောဂါများဖြစ်ကြသည်။ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားရခြင်း၏ အကြောင်းရင်းများမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သည်အထိ အရက်ယမကာသောက်သုံးခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ရာ ကြိုတင်ကာကွယ်တားဆီးနိုင်သည့် အကြောင်းရင်းများပင်ဖြစ်သည်၊၊
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးရခြင်းသည် ကူးစက်ရောဂါများထက် ပိုမိုများပြားလျက်ရှိကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားထားသည်။ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည် ဆန်းစစ်ချက်အရ ဆေးလိပ်သောက်သုံးမှုတွင် အမျိုးသား ၄၃ ဒသမ ၈ ရာခိုင်နှုန်း၊ အမျိုးသမီး ၈ ဒသမ ၄ ရာခိုင်နှုန်း၊ ဆေးရွက်ကြီးထွက်ပစ္စည်းများပါဝင်သည့် ကွမ်းယာစားသုံးမှု အမျိုးသား ၆၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး အသက် ၁၅ နှစ်အောက် လူငယ်သုံးဦးတွင် တစ်ဦးဆေးပါဝင်သည့် ကွမ်းယာစားသုံးကြသည်ဟု ဆိုထားသည်၊၊ ၂၀၀၇ ခုနှစ်တွင် e-cigarette စျေးကွက် ကမ္ဘာတစ်ခွင်တွင်ကျယ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံသို့လည်း ဝင်ရောက်လာခဲ့ပြီး ငွေကြေးသုံးစွဲနိုင်သည့် လူငယ်အလွှာအတွင်း ဖက်ရှင်တစ်ခုအနေဖြင့် သုံးလာကြသည်ကို တွေ့ရသည်၊၊ မူလကဆေးလိပ်သုံးစွဲနေသူများ ဆေးလိပ်ဖြတ်နိုင်ရန် ရည်ရွယ်တီထွင်ခဲ့သည့် အီး-စီးကရက်သည်လည်း အန္တရာယ်မကင်းကြောင်း အထောက်အထားများ ထွက်ပေါ်လာသည့်အပြင် အသက်ဘေးအန္တရာယ်ဖြစ်ပေါ်သော သတင်းများလည်း တွေ့ရှိလာရသည်၊၊
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ဧပြီ ၉ ရက်က ကျင်းပခဲ့ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “အသစ်ပေါ်ထွက်လာသည့် အီး-စီးကရက်ကဲ့သို့သော အီလက်ထရွန်နစ် အငွေ့ရှူစက်များသုံးစွဲမှုသည် ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် လူငယ်များအနေဖြင့် အဆိုပါ အီလက်ထရွန်နစ် အငွေ့ရှူစက်များသုံးစွဲမှုမှ ကာကွယ်တားဆီးရန်အတွက် လိုအပ်သော မူဝါဒ၊ အစီအမံနှင့် ဥပဒေပြဋ္ဌာန်းချက်များ ချမှတ်ရန်လိုအပ်လျက်ရှိ ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်၊၊ အီး-စီးကရက်နှင့်အခြား ဆေးရွက်ကြီးထွက်ပစ္စည်းများကို ပြုပြင်ထားသော ပစ္စည်းများနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံများတွင် ပိတ်ပင်ခြင်း၊ ထိန်းကွပ်ခြင်းတို့ ပြုလုပ်လျက်ရှိရာ မိမိတို့တစ်နိုင်ငံတည်းသာ ကျန်ရှိနေခြင်းဖြစ်သည်၊၊ ENDS-Electronic Nicotine Delivery System ခေါ် အီး-စီးကရက်၊ HTPS -Heated Tobacco Products ခေါ် ဆေးရွက်ကြီးအခြေခံပစ္စည်းကို အပူပေးပြီးထွက်လာသည့် အငွေ့ကိုရှူခြင်း စသည့်ပစ္စည်းများကို တင်သွင်း/ရောင်းချခွင့် လုံးဝပိတ်ပင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း တိုက်တွန်းထားသည်၊၊ ENDS/ HTPS တို့ကို ကမ္ဘာ့နိုင်ငံများစွာတို့တွင် ၎င်းတို့ပြည်သူများ ကျန်းမာရေးအလို့ငှာ တားဆီး ပိတ်ပင်ထားကြပြီဖြစ်သည်၊၊
ပြည်သူ့ကျန်းမာရေးပြဿနာ၏ အခြေခံအကြောင်းတစ်ခုဖြစ်သော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကိုထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာတို့က ဆောင်ရွက်လာသည့်အခါတွင် အကျိုးအမြတ်များလှသည့် ထိုလုပ်ငန်းကိုမစွန့်လွှတ်နိုင်သည့် လောဘသားကုမ္ပဏီကြီးများက ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ လူငယ်လူရွယ်များကို ပစ်မှတ်ထား၍ ရှူစရာရှိုက်စရာပစ္စည်းများ တီထွင်နေကြဦးမည်သာဖြစ်သည်။ ဆေးရွက်ကြီး/ နစ်ကိုတင်းကိုဖြစ်စေ၊ အခြားဓာတုပစ္စည်း တစ်ခုခုကိုဖြစ်စေ တစ်နည်းနည်းဖြင့် ရှူခြင်း၊ ရှိုက်ခြင်းသည် အန္တရာယ်ကင်းမည်မဟုတ်သည်ကို သိနားလည်ကာ ရှောင်ရှားကြခြင်းဖြင့် ကျန်းမာရေးကို အလေးပေးစေချင်သည်။ ထို့အပြင် လူငယ်များအတွင်း ဆေးရွက်ကြီးထွက် ပစ္စည်း (နှပ်ဆေး/ဆေးပေါင်း)ပါသည့် ကွမ်းယာစားမှုမြင့်တက်နေခြင်းကိုလည်း ထိထိရောက်ရောက်ထိန်းချုပ်နိုင်ရန် အသိပညာပေးမှုနည်းလမ်း၊ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။