Skip to main content

ပြည်သူကလည်း ပါဝင်ကူညီ

လွတ်လပ်ရေးအကြိုကာလ မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ်အစည်းအရုံးများကို စုစည်းရန် ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ပထမဆုံးအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ အဆိုပါညီလာခံသို့ နိုင်ငံတစ်ဝန်းရှိ ခရိုင် ၁၉ ခရိုင်မှ မြို့နယ်အဆင့် မီးသတ်အစည်းအရုံးခွဲများရှိ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ ကိုယ်စားလှယ် ၁၉၇ ဦးတို့ တက်‌ရောက်ခဲ့ကြပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့များ ပထမဆုံးအကြိမ် ညီညာစွာစုရုံးနိုင်ခဲ့သည့် ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်မေလ ၅ ရက်နေ့သည် “မီးသတ်တပ်ဖွဲ့နေ့” ဖြစ်လာခဲ့ရာ ယခုနှစ်တွင် ၇၈ နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ပထမဆုံးအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားရာ၌ “မီးသတ်အဖွဲ့သားများ၏ တာဝန်မှာ စည်းကမ်းအရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်းများပေါ်ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းများတွင် သူရဲကောင်းများပေါ်ပေါက်ကြသည့်အနက် မီးသတ်သူရဲကောင်းများမှာ သူတစ်ပါးအား တိုက်ခိုက်ရခြင်းမဟုတ်ဘဲ စွန့်စားသူများဖြစ်သဖြင့် အထူးမြင့်မြတ်သော သူရဲကောင်းများဖြစ်ကြောင်း၊ မီးသတ်အဖွဲ့မှာ ယဉ်ကျေးမှုနှင့် စွန့်စားမှုအရေးကြီး၍ အရပ်ရပ်တိုင်းတွင်ဖွဲ့စည်းအပ်ကြောင်း၊ မီးသတ်အသင်းကို တည်ထောင်ခြင်းဖြင့် စည်းကမ်းသေဝပ်မှု၊ ပေါင်းသင်းဆက်ဆံရေး၊ ပြည်သူ့ဝန်ထမ်းစသော မြင့်မြတ်သောအလုပ်များ၊ သဘောထားများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မီးသတ်ရဲဘော်တို့သည် သူအိုသူနာများအား သက်စွန့်ကြိုးပမ်း မီးဘေးမှကယ်တင်ခြင်းသည် တကယ့်လူစွမ်းကောင်းများဖြစ်ပြီး မီးဘေးသည် ကြောက်မက်ဖွယ်ကောင်းသောရန်သူဖြစ်ရာ မီးဘေးကာကွယ်ရေးအဖွဲ့များ ရပ်ကွက်တိုင်းတွင်ထားသင့်ကြောင်း၊ ယောက်ျားများသာမဟုတ် မိန်းမများပင် ပါဝင်ဆောင်ရွက်သင့်ကြောင်း” ပြောကြားခဲ့သည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်အပါအဝင် အခြား‌သောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရေးဟူသော ရည်ရွယ်ချက်များနှင့်အညီ မီးဘေးလုံခြုံရေးတာဝန်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး တာဝန်၊ ရှာဖွေကယ်ဆယ်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ဟူသည့် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ကို ချမှတ် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် မီးသတ်တပ်ဖွဲ့ဖြစ်လာစေရန်အတွက် Men Power ၊ Equipment Power ၊ Technology Power တို့ အားကောင်းလာစေရန် တည် ဆောက်လျက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များ၏ အရည်အသွေး၊ အရည် အချင်းမြင့်မားရေး၊ ခေတ်မီစက်ယာဉ်ယန္တရားများ ဖြည့်တင်းရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ခေတ်မီနည်းပညာများ စဉ်ဆက်မပြတ်ရရှိရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။

ယခုအခါ လူဦးရေထူထပ်များပြားလာပြီး မြို့ရွာများ ကျယ်ပြန့်ကြီးမားလာခြင်း၊ စက်ရုံအလုပ်ရုံများ၊ လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာခြင်း စသည့်အကြောင်းများကြောင့် မီးဘေးအန္တရာယ် ကာကွယ်ရေးသည် ပို၍အရေးကြီးလာသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်ခြေမှာလည်း ပိုမိုမြင့်မားလာလျက်ရှိရာ မီးဘေးကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတို့ ပိုမိုအရေးပါလာသည်နှင့်အညီ ယင်းတာဝန်တို့ကို ထမ်းဆောင်ရာတွင် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သာမက ပြည်သူတစ်ရပ်လုံးက ပါဝင်ကူညီဆောင်ရွက်ရန် လိုအပ်လာသည်။ အနိမ့်ဆုံးအားဖြင့် ပြည်သူတစ်ဦးသည် မိမိရှေ့မှောက်၌ မီးလောင်ခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်ခြင်းတို့တွေ့ရှိပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ် ဖုန်းနံပါတ် ၁၉၁ သို့ ဆက်သွယ်အကြောင်းကြား‌ပေးခြင်းဖြင့် ကူညီသမှုပြုကြရပါမည့်အကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)