Skip to main content

အစဉ်အမြဲ တံခါးဖွင့်ထားသည့် ပညာဘဏ်တိုက် ပြတိုက်များ

နှစ်စဉ် မေလ ၁၈ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” (International Museum Day) ဖြစ်သည်။ နိုင်ငံတကာရှိ ပြတိုက်များကို ပြတိုက်ဆိုင်ရာ နည်းပညာများနှင့် အကြံဉာဏ်များ၊ ကျွမ်းကျင်မှုများ အကူအညီပေးနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ (International Council of Muse- um - ICOM) ကို ၁၉၄၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြတိုက်များသည်လည်း နိုင်ငံတကာရှိပြတိုက်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။

ပြတိုက်များသည် ပြည်သူများ အသိပညာဗဟုသုတရရှိနိုင်ရေးအတွက် ငွေကြေးအကျိုးအမြတ်ကို ပဓာနမထားဘဲ ဝန်ဆောင်မှုပေးကြရသည့် အဖွဲ့အစည်းများပင်ဖြစ်သည်။ ပြတိုက်များသည် အများပြည်သူကို ပြသရန်အတွက် ပစ္စည်းများ စုဆောင်းကြရသည်။ စုဆောင်းရရှိထားသည့်ပစ္စည်းများ၊ ပြသထားသည့်ပစ္စည်းများ ရေရှည်တည်တံ့စေရန်လည်း ထိန်းသိမ်းစောင့်ရှောက်ကြရသည်။ အဆိုပါပစ္စည်းများ၏ အချက်အလက်များနှင့်စပ်လျဉ်း၍လည်း ပိုမိုခိုင်မာစွာသိရှိစေရန် သုတေသန ပြုကြရသည်။ ပြည်သူများ သိရှိနိုင်စေရန်လည်း ခင်းကျင်းပြသပေးကြရသည်။ မြန်မာနိုင်ငံသည် ရှည်လျားသည့် သမိုင်းကြောင်းနောက်ခံရှိပြီး ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှသည် မြို့ပြနိုင်ငံများ တည်ထောင်ခဲ့ကြသည့် ခေတ်အဆက်ဆက်တို့မှ ကြွင်းကျန်ရစ်သည့် သမိုင်းအထောက်အထားများစွာ မြေပေါ်မြေအောက်တွင်ရှိနေပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံအပါအဝင် ပြည်တွင်းရှိပြတိုက်များစွာတို့တွင် ပြသပစ္စည်းများအဖြစ် ရှိနေသလို အကြောင်းအမျိုးမျိုးဖြင့် ပြည်ပရှိပြတိုက်များသို့ ရောက်ရှိနေကြသည့် ပစ္စည်းများလည်းရှိသည်။

ပြတိုက်များသို့ သွားရောက်ကြည့်ရှုလေ့လာခြင်းဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများ၊ သမိုင်းကြောင်းနောက်ခံများစသည်တို့ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပြီး ပိုမိုနားလည်သိမြင်စေနိုင်သည်။ အမျိုးသားအဆင့်ပြတိုက်ကြီးများမှသည် ဌာနအဆင့်၊ ဒေသအဆင့်၊ ဝါသနာရှင်အဆင့်ပြတိုက်များအထိ အကြောင်းအရာအမျိုးမျိုးဖြင့် ခင်းကျင်းပြသမှုများက မိမိတို့အား အသိသုတအမျိုးမျိုးတို့ကို ပေးအပ်နိုင်သည်။ စာကြည့်တိုက်များနည်းတူ ပြတိုက်များသည်လည်း အများပြည်သူအား ဗဟုသုတ၊ အသိပညာများပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် တည်ထောင်ထားခြင်းဖြစ်ရာ ဗဟုသုတနှင့် အသိပညာကို လိုလားသူ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ ပညာရှာမှီးနိုင်ရန် လက်ကမ်းစောင့်ကြိုလျက်ရှိသည်။ သုတေသနပြုလိုသူတို့အတွက်လည်း ဝန်ဆောင်မှုပေးရန် အသင့်ရှိကြသည်။ နိုင်ငံတကာတွင် အမျိုးသားအဆင့်စာကြည့်တိုက်ကြီးများနှင့် ပြတိုက်ကြီးများသည် ပြည်တွင်းပြည်ပဧည့်သည်များနှင့် စည်ကားလှရာ မိမိတို့နိုင်ငံ၏ နိုင်ငံတကာအဆင့်မီစာကြည့်တိုက်ကြီးများနှင့် ပြတိုက်ကြီးများတွင်လည်း ဗဟုသုတရှာဖွေသူတို့ စည်ကားစေလိုသည်။

ပြတိုက်တို့ကို တည်ထောင်ခင်းကျင်းပြသရာတွင် ယဉ်ကျေးမှုအရရော၊ သမိုင်းနောက်ခံနှင့် အနုပညာလက်ရာမြောက်မှုအရပါ တန်ဖိုးမြင့်မားသည့် ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပြည်သူများကို ပညာပေးရန် ရည်ရွယ်ခြင်းဖြစ်ရာ ရည်ရွယ်ချက်ပေါက်မြောက်ရန်လိုသည်။ ကျောင်းသား၊ ကျောင်းသူလူငယ်များနှင့် ပြည်သူများ ပြတိုက်များကို စိတ်ဝင်စားမှု မြင့်မားလာစေရေးအတွက် လှုံ့ဆော်မှုများ၊ လှုပ်ရှားမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် ရည်ရွယ်ချက်ကောင်းများဖြင့် တန်ဖိုးကြီးစွာ ရင်းနှီးတည်ထောင်ထားသည့် ပြတိုက်ကြီးများ အောင်မြင်နိုင်ပါစေကြောင်း။ ။