Skip to main content

လူငယ်လူရွယ်များအား ပြုစုပျိုးထောင်

ယနေ့လူငယ်လူရွယ်တို့သည် နောင်တစ်ချိန်၌ လူ့ဘောင်လောကကြီးကို ဦးဆောင်ပဲ့ကိုင်မောင်းနှင်ကြမည့် လူကြီးများဖြစ်ကြပါလိမ့်မည်။ ထို့ကြောင့် ကလေးလူငယ်လူရွယ်များအား လျစ်လျူရှုမထားဘဲ လူတော်လူကောင်းလေးများ ဖြစ်လာအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ ခေတ်ပညာပြည့်စုံအောင်၊ အကျင့်စာရိတ္တကောင်းအောင်၊ အများအကျိုးဆောင်ရွက်တတ်အောင်၊ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး နိုင်ငံနှင့်လူမျိုးအတွက် စွန့်စားကြိုးပမ်း တာဝန်ထမ်းဆောင်နိုင်အောင် ငယ်စဉ်ကတည်းက မြေတောင်မြှောက်ပေးထားမှ၊ လေ့ကျင့်ပေးထားမှ နိုင်ငံအနာဂတ်အတွက် စိတ်အေးကြရမည်ဖြစ်သည်။

ဤသို့မဟုတ်ဘဲ ကလေးလူငယ်တို့ကို လျစ်လျူရှုထားလျှင် သို့မဟုတ် လုံလောက်အောင် ထိန်းကျောင်းပြုပြင် ပျိုးထောင်ပေးခြင်းတို့ကို မဆောင်ရွက်နိုင်လျှင်၊ လမ်းမှန်ကမ်းမှန် တည့်မတ်မပေးနိုင်လျှင် လူငယ်လူရွယ်တို့သည် လေနှင်ရာသို့ လွင့်ချင်ရာလွင့်သည့် မရေရာသော ရေမျောကမ်းတင်ဘဝသို့ ရောက်ရှိနိုင်ပေသည်။ ကောင်းချင်ရာကောင်း၊ ဆိုးချင်ရာဆိုးသည့်ဘဝအခြေအနေနှင့် သောင်းပြောင်းထွေလာ လူငယ်ပြဿနာများ အမျိုးမျိုးဖြစ်လာနိုင်မည်။ ထို့ထက်ပိုမို၍ နောင်အနာဂတ်တွင် ဆိုးရွားသောအခြေအနေအမျိုးမျိုးတို့ နိုင်ငံအတွင်း၌ ပေါ်ပေါက်လာနိုင်ပြီး တိုင်းပြည်အတွက် ရင်လေးဖွယ်ဖြစ်လာနိုင်သည်။

မျက်မှောက်ကာလတွင် နိုင်ငံအသီးသီးသည် အမြော်အမြင်ရှိသမျှ၊ စီးပွားရေးအင်အားတောင့်တင်းသမျှ၊ တတ်စွမ်းသမျှ ကလေးလူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေစဉ်ကာလအတွင်း “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” အချက်ကို လူမှုရေးဦးတည်ချက်တွင် ထည့်သွင်းကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယခုနွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များအနက် တိုးတက်ရာတိုးတက်ကြောင်း၊ ကောင်းရာကောင်းကြောင်းတို့ကို မိမိတို့အစီအစဉ်အမျိုးမျိုးဖြင့် ပြုလုပ်နေကြသူများလည်းရှိသကဲ့သို့ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးနေမှုများလည်းရှိသည်။ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များအား လူရည်ချွန်အပန်းဖြေလေ့လာရေးခရီးစဉ်များကို စီစဉ်ဆောင်ရွက်ပေးခဲ့သည့်အပြင် ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ သည်။

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များအား နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများကို ဧပြီလ ၂၂ ရက်မှစတင်၍ ဖွင့်လှစ်ပေးခဲ့သည်။

ရေကြောင်းလူငယ်သင်တန်းများကို စခန်း ၁၀ ခုတွင် လူငယ်လူရွယ် သင်တန်းသား သင်တန်းသူ ၈၁၈ ဦးကို အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံအချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပေးခဲ့သည့်အပြင် စစ်ရေယာဉ် (မုတ္တမ) ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လိုက်ပါစီးနင်းရင်း ရေယာဉ်၊ ရေကြောင်းဆိုင်ရာလုပ်ငန်းများကို လက်တွေ့လေ့လာဆည်းပူးခဲ့ကြသည်။

လေကြောင်းလူငယ်သင်တန်းများကို သင်တန်းစခန်း ၁၇ ခုတွင် ကျောင်းသား ကျောင်းသူ သင်တန်းသား ၈၅၀ တို့အား အခြေခံစစ်ရေးပြဘာသာရပ်၊ လေကြောင်းပညာသမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံဗဟုသုတဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေးဇာတိမာန်ဘာသာရပ်၊ လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်းဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားဆည်းပူးနိုင်ကြသည်မှာ စိတ်ဝင်စားဖွယ်ကောင်းပြီး လူငယ်လူရွယ်များ၏အနာဂတ် အကျိုးရလဒ်များဖြစ်စေရေးအတွက် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်သည်။

လူငယ်လူရွယ်များသည် မိဘအုပ်ထိန်းသူများက အမြော်အမြင်ရှိလျှင်ရှိသလို လူကောင်းလူတော်များဖြစ်နိုင်သည့် ယေဘုယျသဘောရှိပြီး စီးပွားရေးအခြေအနေနှင့် နိုင်ငံရေးအခြေအနေတို့သည်လည်း ကလေးလူငယ်တို့၏ဘဝကို အဆိုး၊ အကောင်း ဖန်တီးတတ်သည့်သဘောများလည်းရှိသည်ကို သတိပြုရမည်ဖြစ်ရာ နိုင်ငံတော်အစိုးရက လူငယ်လူရွယ်များကို လမ်းမှန်ညွှန်ပြမှုများတွင် မိဘများက ပါဝင်တွန်းအားပေးပြီး လူငယ်လူရွယ်များနှင့် နိုင်ငံတော်၏အနာဂတ် တောက်ပြောင်လာအောင် ဝိုင်းဝန်းဆောင်ကြဉ်းပေးကြရမည်ဖြစ်ပါကြောင်း။ ။