လူ့သမိုင်းတစ်လျှောက် ကမ္ဘာနှင့်ချီကာ အရင်းအမြစ်များကို ပုံအောသုံးစွဲ၍ မီးကုန်ယမ်းကုန်တိုက်ခိုက်ခဲ့ကြသည့် စစ်ပွဲကြီးနှစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။ ဆယ်စုနှစ် နှစ်ခုကျော်မျှသာခြားပြီး ဖြစ်ပွားခဲ့သည့် အဆိုပါကမ္ဘာစစ်ကြီးနှစ်ခုတွင် မရေမတွက်နိုင်သည့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ မရေမတွက်နိုင်သောလူပေါင်းများစွာ ခြေလက်ခန္ဓာတို့ ထိခိုက်ဆုံးရှုံးခဲ့ရသည်။ မရေမတွက်နိုင်သော မိသားစုပေါင်းများစွာ ပြိုကွဲပျက်စီးခဲ့ကြရပြီး မိမဲ့ဖမဲ့ကလေးပေါင်းများစွာ၊ မိသားစုဘဝဆုံးရှုံးခဲ့ရသူပေါင်းများစွာ ကျန်ရှိခဲ့ကြသည်။
စစ်ပွဲများအတွင်း စစ်တွင်မပါဝင်သည့် လူသန်းပေါင်းများစွာတို့မှာ မိမိတို့နေအိမ်အတွင်းမှ အတင်းအဓမ္မဆွဲထုတ်ညှဉ်းပန်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကြောင့် လူသားဘဝ၏ ဆုံးရှုံးနစ်နာမှုများကို ထိတ်လန့်တုန်လှုပ်ဖွယ် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြရာ ဒုတိယကမ္ဘာစစ်ကြီးသည် လူသားအားလုံးတို့ကို လူ့အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်နှင့် လူတိုင်းလူ့အခွင့်အရေးများရရှိသင့်ကြောင်း သင်ခန်းစာပေးခဲ့သည်။ လူ့အခွင့်အရေးများကို ပြန်လည်ရရှိရန်နှင့် ထိုအခွင့်အရေးများကို တိုးတက်ရရှိခံစားနိုင်ရန် ငြိမ်းချမ်းရေးကိုလိုလားအပ်ကြောင်းလည်း သတိပေးနှိုးဆော်ခဲ့သည်။ ၁၉၄၈ ခုနှစ် ပြင်သစ်နိုင်ငံပါရီမြို့တွင်ကျင်းပသည့် နိုင်ငံပေါင်းစုံညီလာခံကြီးက လူ့အခွင့်အရေးဥပဒေကို ဆုံးဖြတ်အတည်ပြုပြီးနောက် အချက်ပေါင်း (၃၀) ပါသည့် လူ့အခွင့်အရေးကြေညာစာတမ်းကို ကမ္ဘာအရပ်ရပ်သို့ ဖြန့်ဝေခဲ့သည်။
လူ့အခွင့်အရေးဟူသည် လူအဖြစ်ကိုရရှိလာသူမှန်သမျှ တူမျှသည့်အခွင့်အရေးတို့ရရှိကြရန်နှင့် လူသားတစ်ယောက်အဖြစ် ပျော်ရွှင်စွာရှင်သန်နေထိုင်နိုင်ရန် လိုအပ်ချက်များပင်ဖြစ်သည်။ ဤတွင် လူ့အခွင့်အရေးဟူသည် နိုင်ငံသားအခွင့်အရေးနှင့် ကွဲပြားခြားနားပြီး နေထိုင်ရာနိုင်ငံအလျောက် အကန့်အသတ်၊ အတားအဆီးများရှိနေကြောင်း၊ မည်သည့်နိုင်ငံတွင်မှ နိုင်ငံသူနိုင်ငံသားအားလုံး လူ့အခွင့်အရေးအားလုံးကို တင်းပြည့်၊ ကျပ်ပြည့်မရနိုင်သေးကြောင်းကိုလည်း တွေ့ရှိနိုင်သည်။ လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ အမေရိကန်သမ္မတရုစဘဲ့က လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ ဆင်းရဲခြင်းမှလွတ်လပ်ခွင့်နှင့် ကြောက်ရွံ့ခြင်းမှလွတ်လပ်ခွင့်တို့သည် ကမ္ဘာအရပ်ရပ်ရှိ လူသားတိုင်းရအပ်သည့် အခွင့်အရေးများဟုဆိုစေကာမူ ယင်းလွတ်လပ်ခွင့်တို့သည် အသက်ရှင်သန်နေသူမှသာ ခံစားရရှိနိုင်မည့် အခွင့်အရေးများဖြစ်ကြသည်။
ကုလသမဂ္ဂက ပြဋ္ဌာန်းခဲ့သည့် လူ့အခွင့်အရေးများတွင် အခြေခံအကျဆုံးသည် “အသက်ရှင်သန်ခြင်း၊ လွတ်လပ်ခြင်းနှင့်လုံခြုံခြင်း” ပင်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၃) တွင် “လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှုရခွင့်ရှိသည်။”ဟု ဖော်ပြထားသည်။ ယနေ့ ကမ္ဘာ့မြင်ကွင်းတွင်ကြည့်ပါက အစ္စရေးနှင့်ဟားမားစ်ပဋိပက္ခတွင် ဟားမားစ်တို့တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် အစ္စရေးပြည်သူများနှင့် အစ္စရေးကဂါဇာကို လက်တုံ့ပြန်တိုက်ခိုက်ရာတွင် သေဆုံးကြရသည့် ပါလက်စတိုင်းပြည်သူများအခွင့်အရေးတို့ ဆုံးရှုံးခဲ့ရသည်။ မိမိတို့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတွင်လည်း မကြာသေးမီကဖြစ်ပွားခဲ့သည့် မြင်းခြံမြို့နယ်ဆုံရွာကျေးရွာဖြစ်စဉ်နှင့် အခြားဆန့်ကျင်တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများအပါအဝင် ပြည်သူများ၏ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့်လူပုဂ္ဂိုလ်လုံခြုံခွင့်များ ဆုံးရှုံးနေကြရသည်။
လွတ်လပ်ရေးရပြီးချိန်မှစကာ နိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း အပြစ်မဲ့ပြည်သူပေါင်းများစွာ အသက်အိုးအိမ်ပိုင်ဆိုင်မှုတို့ ဆုံးရှုံးခဲ့ရသလို ယနေ့တိုင်လည်း လက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ပြည်သူများ၏ လူ့အခွင့်အရေးဆုံးရှုံးမှုများမှာလည်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ အပြစ်မဲ့ပြည်သူများ သေကျေဒဏ်ရာရမှုနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုများ နောက်ထပ်မဖြစ်ပေါ်စေရေးအတွက် အခြေခံလူ့အခွင့်အရေးများကို အလေးထားကာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရှေးရှုကြိုးပမ်းနိုင်ကြပါစေကြောင်း။ ။