Skip to main content

ငွေကြေးဈေးကွက်တည်ငြိမ်ရေး စည်းမျဉ်းများနှင့်အညီဆောင်ရွက်

မြန်မာနိုင်ငံတွင် ငွေကြေးဈေးကွက် မတည်ငြိမ်မှုကြောင့် ကုန်စည်ပို့ဆောင် ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများတွင် ဈေးနှုန်းအတက်အကျဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် အတက်ဈေးဖြင့် ကုန်စည်ဈေးနှုန်းများမြင့်မားလာမှုကြောင့် အများပြည်သူတို့၏ လူမှုစီးပွားဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အဓိကမှာ ကုန်ပစ္စည်းများကို တန်ဖိုးဖြတ်နေသော နိုင်ငံခြားငွေကြေးဈေးကွက် အပြောင်းအလဲကြောင့်ဟု ဆိုနိုင်သည်။

တစ်ချိန်သောကာလက နိုင်ငံခြားငွေကြေးတန်ဖိုးကို နိုင်ငံတော်၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ပြီးနောက် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံခြားငွေကြေး ရောင်းဝယ်ဖောက်ကားမှုများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုသည့်အခါ နိုင်ငံတကာ၌ ရွှေဈေးနှင့်ငွေကြေးဈေးနှုန်း အပြောင်းအလဲဖြစ်ပေါ်မှုထက် ဈေးကွက်တွင် မသမာမှုများနှင့် ဈေးကစားမှုများကြောင့် နိုင်ငံခြားငွေကြေးတန်ဖိုးသည် တစ်စထက်တစ်စမြင့်မားလာသည်ကို တွေ့ရမည်ဖြစ်သည်။ အကျိုးဆက်မှာ ကုန်ပစ္စည်းဈေးနှုန်းများ တစ်နေ့တခြားမြင့်မားလာသည့် ဆိုးကျိုးများကို ကြုံတွေ့လာရသည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေတန်ဖိုး တည်ငြိမ်မှုရှိစေရေးအတွက် သတ်မှတ်နှုန်းထားများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံခြားငွေမှောင်ခိုဈေးကွက် ပပျောက်စေရေးအတွက် အစဉ်အဆက်ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော်လည်း တရားမဝင်နိုင်ငံခြားငွေကြေးမှောင်ခိုဈေးကွက်မှာ ရှိနေဆဲဖြစ်သည်။ မသမာသူဝိသမလောဘသားများက ငွေကြေးအမြောက်အမြားရင်းနှီးမြှုပ်နှံပြီး ငွေကြေးဈေးကစားမှုများ ပြုလုပ်နေကြဆဲဖြစ်သည်။ လက်ရှိတွင် ငွေကြေးလဲလှယ်နှုန်းတည်ငြိမ်မှုကို အဟန့်အတားဖြစ်စေသော ရွှေနှင့်နိုင်ငံခြားငွေကြေး ကစားနေသူများကို ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံခြားငွေကြေးလဲလှယ်ခွင့်ရသည့် လိုင်စင်ရဘဏ်များအနေဖြင့် ဗဟိုဘဏ်ကချမှတ်ထားသောစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။ စည်းကမ်းနှင့်မညီ ဆောင်ရွက်မှုများကို စစ်ဆေးတွေ့ရှိပေါ်ပေါက်ပါက သက်ဆိုင်ရာဥပဒေများအရ စီမံခန့်ခွဲမှုဆိုင်ရာ အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ငွေသားအမြောက်အမြား ထုတ်ယူနေခြင်းများနှင့်ပတ်သက်၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်သွားရန်လိုအပ်သည်။ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဆောင်ရွက်မှသာ လိုအပ်သည့်ကြီးကြပ်စစ်ဆေးမှုများနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များအတွက် ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

တရားမဝင် ငွေလွှဲဟွန်ဒီဆောင်ရွက်မှုများကို နိုင်ငံတကာကပါစောင့်ကြည့်နေပြီး ဗဟိုဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှုများကြောင့် တရားမဝင်လုပ်ကိုင်သူများ အရေးယူခံရနိုင်ခြေရှိသည်။ အွန်လိုင်းကုန်သွယ်မှုပလက်ဖောင်းသည် နိုင်ငံခြားငွေရောင်းချဝယ်ယူသည့် တရားဝင်ဈေးကွက်ဖြစ်သည်။ ဘဏ်များမှတစ်ဆင့် ဝယ်လိုသူ/ရောင်းချလိုသူတို့သည် ၎င်းတို့ရောင်းချဝယ်ယူလိုသည့်နှုန်းထားကို နေ့စဉ်တင်ပြပြီး ဈေးကွက်ပေါက်ဈေးအတိုင်းရောင်းချသည့် တရားဝင်နိုင်ငံခြား ငွေကြေးလဲလှယ်သည့်ဈေးကွက်ဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အများပြည်သူတို့ သိရှိစေရန်အတွက် နေ့စဉ်တရားဝင်ကြေညာ အသိပေးလျက်ရှိသည်။

တရားမဝင်ငွေကြေးများနှင့်ပတ်သက်၍ အွန်လိုင်းပေါ်တွင် ရောင်းချနေမှုများကို အရေးယူလျက်ရှိပြီး တရားမဝင်ဈေးကွက်တွင် ရောင်းဝယ်မှုများကြောင့် ဆုံးရှုံးနစ်နာမှုများကို ကြားသိနေရသည်။ ဗဟိုဘဏ်ကချမှတ်ထားသော မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ဈေးကွက်၌ ပါဝင်သူများအားလုံး (အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ)တို့က ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ လွတ်လပ်စွာရောင်းချသည့် နိုင်ငံခြားငွေကြေးဈေးကွက်ကို ဖော်ဆောင်ရာတွင်အဟန့်အတားများ၊ အထူးသဖြင့် ကောလာဟလများကြောင့် ဈေးကစားသူများကို ထိရောက်စွာ ထိန်းကျောင်းကြပ်မတ်ရန်လိုအပ်သည်။ သို့မှသာ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားသည့် တရားဝင်ဈေးကွက်ပေါ်ပေါက်လာမည်ဖြစ်သည်။

ကုန်သွယ်မှုလုပ်ငန်းများအတွက် ငွေပေးချေမှုဆောင်ရွက်ရာတွင် တရားဝင်ဘဏ်စနစ်ဖြင့် ဆောင်ရွက်ရန်လိုအပ်သည်။ လိုင်စင်ရဘဏ်များအနေဖြင့် အွန်လိုင်းကုန်သွယ်မှုပလက်ဖောင်း၌ နိုင်ငံခြားငွေများ ဝယ်ယူဆောင်ရွက်ပေးရာတွင် တရားဝင်အကျိုးခံစားခွင့်ရှိသူတို့သာ ရရှိရန်လိုအပ်သည်။ နယ်စပ်ကုန်သွယ်ရေး၌လည်း သွင်းကုန်လိုင်စင်များ ချထားဆောင်ရွက်ရာတွင် ဘဏ်စနစ်ဖြင့်လုပ်ကိုင်ရန်လိုအပ်သည်။ နိုင်ငံခြားငွေများ ရောင်းဝယ်ရာ၌လည်း တရားဝင်အွန်လိုင်း ဈေးကွက်နှုန်းထားအတိုင်း ရောင်းဝယ်ကြရန်လိုအပ်သည်။

သို့ဖြစ်ရာ ယနေ့ဖြစ်ပေါ်နေသော ငွေကြေးမတည်ငြိမ်မှု၊ ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေမှု၊ အဓိကကျသည့် အကြောင်းရင်းအချက်တစ်ချက်သည် နိုင်ငံခြားငွေကြေးများကို တရားဝင်လုပ်ကိုင်မှုမရှိဘဲ မှောင်ခိုဈေးကွက်တွင် ဈေးကစားမှု၊ ဈေးတင်မှုများကြောင့်ဖြစ်နေသည်ကို အားလုံးသိရှိကြပြီးဖြစ်ရာ ဗဟိုဘဏ်ကနေ့စဉ် သတ်မှတ်ထားသောနှုန်းထားအတိုင်း ရောင်းဝယ်ဖောက်ကားသူများအားလုံး လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် အများပြည်သူတို့၏ လူမှုစီးပွားဘဝများ အဆင်ပြေတည်ငြိမ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။