Skip to main content

ကဆုန်လပြည့် ထူးကဲမွန်မြတ်သည့်ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့တကာနေ့တို့တွင် ထူးကဲအမွန်မြတ်ဆုံးနေ့တစ်နေ့ဟု ဆိုထိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ပူဇော်ထိုက်သည့် ဖြစ်စဉ်တော် ၄ ရပ် ရှိနေသောကြောင့်ဖြစ်သည်။ “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်လမ်း” ဟုဆိုသည့် မြတ်ဗုဒ္ဓ ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဟူသည့် ထူးမြတ်သည့် ဗုဒ္ဓဖြစ်စဉ်များ စုဆုံနေသောကြောင့်ဖြစ်သည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမဘုရား စင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဒီပင်္ကရာမြတ်စွာဘုရားထံတွင် ကဆုန်လပြည့်နေ့၌ နိယတဗျာဒိတ် ခံယူတော်မူခဲ့ခြင်း၊ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂၆၀၀ (ဘီစီ-၆၂၃ ခု) မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားတော်မူခဲ့ခြင်း၊ (ဘီစီ-၅၈၈ ခု) မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဘုရား အလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ဘုရားစင်စစ်ဖြစ်တော်မူခဲ့ခြင်း၊ (ဘီစီ-၅၄၃ ခု) မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်းဟူသည့် ထူးမြတ်မှုလေးခု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ နေ့ကောင်းရက်မြတ်တို့သည် မြတ်ဗုဒ္ဓနှင့်သက်ဆိုင်သော ထူးကဲမွန်မြတ်မှုများဖြစ်သည့်အတွက် အားလုံးကိုပေါင်းစု အထွတ်အမြတ်ပြုကာ ကဆုန်လပြည့် ဗုဒ္ဓနေ့ဟု သတ်မှတ်ခေါ်ဝေါ် ပူဇော်ကြခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တုနှိုင်းမမီသော ကြည်ညိုဖွယ်ရာ အခြင်းအရာအားလုံးတို့ကို မြန်မာပြည်၌သာမက အခြားသော ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်သည့်နိုင်ငံများ၊ မြတ်ဗုဒ္ဓကို ကြည်ညိုလေးစား တန်ဖိုးထားသောနိုင်ငံများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးတို့ကလည်း ဤကဆုန်လပြည့်နေ့တွင် ကြည်ညိုကော်ရော် ပူဇော်မှုအထူးထူးတို့ကို ပြုလုပ်ကြသဖြင့် အပြည်ပြည်ဆိုင်ရာ မြတ်ဗုဒ္ဓနေ့ဟုပင် ခေါ်ဆိုကြရမည်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့်နေ့၌ ဗုဒ္ဓပူဇနိယသဘင် ပူဇော်ပွဲကျင်းပကြသည်။ အိန္ဒိယနိုင်ငံရှိ ပြည်နယ်အချို့တွင် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သည်ကိုရည်စူး၍ မဟာပရိနိဗ္ဗာန်သဘင် ပူဇော်ပွဲကျင်းပကြသည်။ မြတ်ဗုဒ္ဓအရှင် မာရ်နတ်ကို အောင်မြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့အဖြစ် မာရ်အောင်နေ့ဟု ခေါ်ဆိုကြသည်။ ကဆုန်လပြည့်နေ့သည် ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သည့်အတွက် နက္ခတ်အားသန်သူများက ကောင်းမြတ်သည့်နက္ခတ်နှင့်ယှဉ်၍ မြတ်ဗုဒ္ဓဖွားမြင် တော်မူသောနေ့ ဝိသာခါဒေးဟု သတ်မှတ်ပူဇော်ကြသည်။ နိုင်ငံအလိုက်၊ ဒေသအလိုက် ကဆုန်လပြည့်နေ့တွင် မိမိတို့ပညတ်ချက်များဖြင့် ပြုလုပ်ကြသော်လည်း အနှစ်သာရမှာမြတ်ဗုဒ္ဓကို အလေးအမြတ် ပူဇော်ခြင်းသာဖြစ်သည်။

သီရိလင်္ကာနိုင်ငံနည်းတူ နိုင်ငံလူဦးရေ၏ ၂၂ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင် များဖြစ်ကြသည့် မလေးရှားနိုင်ငံတွင်လည်း မြတ်ဗုဒ္ဓနေ့ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်။ မလေးရှားအစိုးရကလည်း နှစ်စဉ် မေလတွင် ကျရောက်သည့် ကဆုန်လပြည့်နေ့ကို အစိုးရဂေဇက်ဝင် ဗုဒ္ဓနေ့ဟု အသိအမှတ်ပြု ကျင်းပခွင့်ပြုသည်။ ကဆုန်လပြည့်နေ့၏ ထူးမြတ်သည့် အမှတ်လက္ခဏာမှာ မဟာဗောဓိပင်ကို ညောင်ရေသွန်းလောင်းပူဇော်ခြင်းဖြစ်သည်။ ကဆုန်လပြည့်နေ့ ညောင်ရေသွန်း ပူဇော်ပွဲသည် ရာသီအချိန်ကာလဒေသအားဖြင့် အလွန်လိုက်ဖက် တင့်တယ်လှပါသည်။ နွေဥတု ပြိဿရာသီ ကဆုန်လသည် ရာသီတကာတို့တွင် အပူပြင်းဆုံး၊ အခြောက်သွေ့ဆုံး လတစ်လဖြစ်သည်။ သစ်ပင်များ ညှိုးနွမ်းခြောက်သွေ့ပြီး ရေဓာတ်၊ အအေးဓာတ်လိုနေသောအချိန်အခါဖြစ်သည်။ ထိုအချိန်တွင် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့ကို ရေစင်သွန်းလောင်းပူဇော်ခြင်းသည် လျော်ကန်ကောင်းမွန်ပြီး ကုသိုလ်ထူးကို ရရှိနိုင်ပါသည်။

ကဆုန်လသည် ရှေးအစဉ်အဆက်ကတည်းက လတကာတို့တွင် အပူပြင်းဆုံးလဖြစ်သလို မျက်မှောက်ကာလတွင်လည်း အပူဆုံးလစံချိန်ကို ထိန်းထားဆဲဖြစ်သည်။ မည်သို့ပင် အပူရှိန်ပြင်းသည်ဖြစ်စေ ထေရဝါဒဗုဒ္ဓဘာသာဝင် မြန်မာအပေါင်းတို့သည် မြတ်ဗုဒ္ဓဂုဏ်တော်တို့ကိုရည်မှန်း၍ အေးမြသောရေစင်ရေချမ်းဖြင့် ပရိဘောဂစေတီ မဟာဗောဓိညောင်ပင်တို့ကို သွန်းလောင်းပူဇော်ကြခြင်းဖြင့် မဟာဗောဓိပင် လန်းဆန်းစိုပြည်ဝေဆာလာသလို ကုသိုလ်အထူးကို ပြုလုပ်ကြသည့်၊ သူတော်ကောင်းတရားကိန်းအောင်းကြသည့် ပြည်သူ ပြည်သား၊ ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့သည်လည်း အေးချမ်းသာယာမှုအပေါင်းတို့ကို ရယူဆောင်ကြဉ်းနိုင်လိမ့်မည်ဖြစ်ပါသည်။

သို့ဖြစ်ရာ ကဆုန်လပြည့်နေ့သည် “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန် လမ်း” ဆိုသည့်အတိုင်း ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အတုမရှိ တစ်မူထူးကဲသည့် ဂုဏ်ထူးဝိသေသများ ပေါင်းစုံစုစည်းထားသည့် နေ့ထူးနေ့မြတ် အခါသမယဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် ပြည်သူ ပြည်သားအပေါင်းတို့သာမက နိုင်ငံတကာမှ ဗုဒ္ဓဘာသာဝင်အပေါင်းတို့နှင့် မြတ်ဗုဒ္ဓကို လေးစားတန်းဖိုးထား ကြည်ညိုသဒ္ဓါပွားကြသော ကမ္ဘာ့ပြည်သူပြည်သားများက ကောင်းမှုအစုစုတို့ကို ပြုလုပ်ကြမှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ခွင် အေးချမ်းသာယာဝပြောမှု အပေါင်းတို့ကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။