လူတိုင်း ကျန်းမာရေးအသိပညာ မြင့်မြင့်မားမားရှိနေကြပါမှ လူတိုင်းကျန်းမာသည့် ဘဝရနိုင်ကြမည်။ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာများ ပြန့်ပွားနိုင်ရန်အတွက် သက်ဆိုင်ရာတို့က နည်းလမ်းအသွယ်သွယ်ဖြင့် ဖြန့်ဝေပညာပေးမှုများ ပြုလုပ်စေကာမူ အများစုမှာ သတိမမူ၊ ဂရုမပြု၊ အလေးမထားဘဲ ကျော်လွှားသွားလေ့ရှိသည်။ လူတိုင်း ကျန်းမာရေးအသိပညာ မြင့်မားရန်၊ ကျန်းမာရေးဗဟုသုတပြည့်စုံရန်လိုအပ်ပြီး သို့မှသာလျှင် ဖြစ်လာနိုင်သည့်ရောဂါအန္တရာယ်တို့ကို ကာကွယ်နိုင်မည်၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်နိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ ရပ်ကွက်နှစ်ခုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ရောဂါထပ်မံဖြစ်ပွားမှုရှိမရှိ စောင့်ကြည့်သည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရသည်။ အကယ်၍သာ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးနေထိုင်ကြမည်ဆိုပါက ရောဂါဘယကင်းဝေးကာ ကျန်းမာခြင်းသုခ ပြည့်စုံကြမည်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနက အသိပညာပေးထားသည့်အတိုင်း “လက်သန့်၊ ရေသန့်၊ အစာသန့်၊ အိမ်သာသန့်" ဟူသော “သန့်လေးသန့်” ကို လိုက်နာခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောနှင့် ကူးစက်ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
လက်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးကြောခြင်း (လက်သန့်ခြင်း) သည် ရောဂါအများအပြားကို ကာကွယ်နိုင်သည်။ အိမ်တွင် အစားအစာချက်ပြုတ်သူများနှင့် အစားအစာရောင်းချသူများ လက်မသန့်ရှင်းပါက မိသားစုတစ်စုမှသည် လူပေါင်းရာနှင့်ချီ၍ ရောဂါရရှိနိုင်ပြီး ကပ်ရောဂါအသွင်ကူးစက်ကာ သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ လက်တွင်ကပ်ပါလာနိုင်သည့် မစင်အညစ်အကြေးအနည်းငယ် (တစ်ဂရမ်) တွင်ပင် လူကိုရောဂါဖြစ်၍သေစေနိုင်သည့် ဗိုင်းရပ်စ် ၁၀ သန်းခန့်၊ ဘက်တီးရီးယားတစ်သန်းခန့်၊ သန်ကောင်၊ ဝမ်းကိုက်ပိုးကဲ့သို့ ကပ်ပါးရောဂါပိုး ၁၀၀၀ ခန့်၊ သန်ဥကဲ့သို့သော ကပ်ပါးရောဂါပိုး ဥပေါင်း ၁၀၀ ခန့် ပါဝင်နေသည်။ လက်တွင်ကပ်ပါလာနိုင်သည့် အညစ်အကြေးနှင့် ရောဂါပိုးများသည် လက်နှင့်ကိုင်တွယ်ထိတွေ့နိုင်သည့် အရာအားလုံးတို့တွင်လည်း ကပ်ငြိနေနိုင်သည့်အတွက် လက်ကိုစင်ကြယ်စွာဆေးကြောခြင်းက ရောဂါများစွာတို့ကို ကာကွယ်ပြီးဖြစ်စေသည်။ သန့်ရှင်းသော သောက်သုံးရေ (ရေသန့်) သည် အနည်အမှုန်၊ အရောင်အနံ့၊ ရောဂါပိုးမွှားကင်း၍ ကျန်းမာရေးနှင့် ညီညွတ်စေရမည်ဖြစ်သည်။ မသန့်သောရေသည် ဝမ်းပျက်ဝမ်းလျှော၊ ကာလဝမ်း၊ အူရောင်ငန်းဖျား၊ အသည်းရောင်အသားဝါ၊ ပိုလီယို စသည့် ဝမ်းနှင့်ပတ်သက်သောရောဂါများ ဖြစ်ပွားစေနိုင်သည်။
ကျန်းမာရေးနှင့်ညီညွတ်သန့်ရှင်းသော အစားအစာ (အစာသန့်) သည် ခန္ဓာကိုယ်ကိုကျန်းမာဖွံ့ဖြိုးစေပြီး ရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်သော်လည်း မသန့်ရှင်းသော အစားအစာမှာမူ များစွာအန္တရာယ်ရှိသည်။ ယင်နားသည့်အစားအစာ၊ မသန့်ရှင်းသောရေဖြင့် ဆေးကြောထားသည့် အိုး၊ ခွက်၊ ပန်းကန်၊ ဟင်းသီးဟင်းရွက်၊ သားငါးများ၊ မသန့်ရှင်းသောလက်ဖြင့် ကိုင်ထားသည့်အစားအစာများ စသည်တို့မှာ စားသုံးသူကို ရောဂါများဖြစ်ပွားစေနိုင်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံအိမ်သာ (အိမ်သာသန့်) ဆိုသည်မှာ လူ့မစင်အညစ်အကြေးကို စနစ်တကျ စွန့်ပစ်သိုလှောင် လုံခြုံစွာဖုံးအုပ်ထားရှိသော အိမ်သာမျိုးဖြစ်သည်။ ယင်လုံ၊ အနံ့လုံ၊ အရှက်လုံ၊ သန့်ရှင်း၍ မစင်မှရောဂါမပြန့်ပွားစေရန် တားဆီးနိုင်သောအိမ်သာမျိုးသည် အကောင်းဆုံးအိမ်သာပင်ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သည့် လက်သန့်၊ ရေသန့်၊ အစာသန့်၊ အိမ်သာသန့်ဟူသော သန့်လေးသန့်ကို လူတိုင်းသိရှိနားလည်ကြကာ လူတိုင်းလိုက်နာကျင့်သုံးကြခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ရောဂါဘယများစွာတို့မှ လွတ်ကင်းကာ ကျန်းမာခြင်းသုခပြည့်စုံနိုင်ကြပါမည့်အကြောင်း။ ။