Skip to main content

ပိုမိုကောင်းမွန်သောပတ်ဝန်းကျင် ဝိုင်းဝန်းပါဝင်တည်ဆောက်

ပတ်ဝန်းကျင်ပေါ်မူတည်၍ လူတို့၏စိတ်နေစိတ်ထား စရိုက်လက္ခဏာများ ပြောင်းလဲစေသည်ကို မြို့ပြဒေသ၊ နေအိမ်အဆောက်အအုံ၊ ပတ်ဝန်းကျင်များက သက်သေပြလျက်ရှိသည်။ ရှုပ်ထွေးပွေလီသည့် ပတ်ဝန်းကျင်တွင် ရှုပ်ထွေးပွေလီသော စရိုက်လက္ခဏာများရှိမည်ဖြစ်ပြီး သန့်ရှင်းသန့််ပြန့်ကောင်းမွန်နေသော ပတ်ဝန်းကျင်တွင် သန့်ရှင်းသန့်ပြန့် ကောင်းမွန်သော စရိုက်လက္ခဏာရှိနေမည်မှာ မလွဲဧကန်ဖြစ်သည်။

ထို့ကြောင့် ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်အောင် တည်ဆောက်နေကြသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်သည့်အခါ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ၌ သန့်ရှင်းသန့်ပြန့်သော ပတ်ဝန်းကျင်များ တည်ဆောက်ထားကြသည်ကို တွေ့ရမည်ဖြစ်သည်။ မဖွံ့ဖြိုးသည့်နိုင်ငံများတွင် ရှုပ်ထွေးပွေလီ မသန့်ရှင်းသော ပတ်ဝန်းကျင်များကို တွေ့ရမည်ဖြစ်သည်။ ပတ်ဝန်းကျင်ကောင်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရ၏ စီမံဆောင်ရွက်မှုနှင့် ပြည်သူများ၏ စည်းကမ်းလိုက်နာမှု များအပေါ်တွင် မူတည်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအနေအထားနှင့် ရှိပြီးပတ်ဝန်းကျင်အခြေအနေများအပေါ်မူတည်၍ မြို့ရွာများကို ကောင်းသောဝန်းကျင်ကောင်းများ တည်ဆောက်နေမှုများတွင် ပြည်သူများကလည်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ရေမြေသဘာဝအခြေအနေကောင်းများ ပိုင်ဆိုင်ထား သောနိုင်ငံဖြစ်၍ မိမိတို့ပတ်ဝန်းကျင်ကို မိမိတို့ကိုယ်တိုင် ပြုပြင်ဆောင်ရွက်ကြရ မည်ဖြစ်သည်။ မြို့ရွာများအလိုက်၊ ဒေသများအလိုက် လမ်းများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးကို အမြဲမပြတ် ဆောင်ရွက်ရမည်ဖြစ်သည်။

မြို့ရွာများ သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ ဆောင်ရွက်မှုများသာမက မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် နေထိုင်ကြသည့် ဒေသခံပြည်သူများကလည်း တစ်ဦးချင်းစီအလိုက် စည်းကမ်းရှိမှုဖြင့် တတ်နိုင်သမျှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာလျှင် ကောင်းမွန်သည့်ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ခြင်း၊ မိမိတို့၏အိမ်၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပါဝင်ဆောင်ရွက်ခြင်းဖြင့် သာယာလှပသော မြို့ရွာများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် သစ်ပင်ပန်းမန်များကို စနစ်တကျ စိုက်ပျိုးကြရန်လိုသည်။ ဒေသနှင့်ကိုက်ညီသည့် သစ်ပင်ပန်းမန်များကို စိုက်ပျိုးကြရန်နှင့် လူနေရပ်ကွက်များရှိ အိမ်ခြံဝင်းများအတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးကြရေးကို အားပေးကူညီ ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ “ဝင်းခြံရှိလျှင် သစ်ပင်ရှိရမည်” ဆိုသည့်အတိုင်း အိမ်ဝင်းတိုင်းတွင် သစ်ပင်ပန်းမန်ရှိရန်လိုပြီး စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျှင် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့အပြင် ကျေးလက်ဒေသများတွင်လည်း အိမ်ခြံဝင်းများအပြင် ပတ်ဝန်းကျင်၌ အရိပ်ရလေကာပင်များ၊ ထင်းစိုက်ခင်းများကို စနစ်တကျ ထူထောင်သွားရန် လိုအပ်မည်ဖြစ်သည်။

အလားတူ မြို့ပြများရှိ ဈေးများတွင်လည်းကောင်း၊ နေအိမ်ဆိုင်ခန်းများတွင်လည်းကောင်း စနစ်တကျ စည်းကမ်းရှိရှိ ရောင်းချသွားရန်လိုအပ်သည်။ မိမိအကျိုး စီးပွားတစ်ခုတည်းကိုကြည့်၍ ပတ်ဝန်းကျင် အကျည်းတန်အရုပ်ဆိုးအောင် စီးပွားရှာမှုများကို ကြပ်မတ်တားဆီးရမည်ဖြစ်သည်။ စနစ်တကျ ဈေးရောင်းချမှု၊ အမှိုက်စွန့်ပစ်မှုနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကိုလည်း ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့များအပြင် ရပ်ရွာတာဝန်ရှိသူများအနေဖြင့်လည်း အမြဲမပြတ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ စည်းကမ်းတကျ အကျိုးစီးပွားရှာဖွေသည့် အလေ့အထ ထွန်းကားလာအောင် ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့အတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုလည်း စဉ်ဆက်မပြတ် ထိန်းသိမ်းကြပ်မတ်သွားရန်လိုသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် နယ်မြေဒေသအလိုက် လမ်းမကြီးများ ဥပဒေနှင့်အညီ လမ်းများ၏အင်္ဂါရပ်များအတိုင်း စနစ်တကျရှိနေစေရန် ဆောင်ရွက်လျက်ရှိသည်။ လူသွားလမ်း၊ အနှေးယာဉ်လမ်းများနှင့် ယာဉ်ရပ်နားမှုများ စနစ်တကျရှိရန်လိုအပ်သည်။ မြို့တွင်း၌သာမက မြို့ပြင်များတွင်ပါ လမ်းညွှန်ဆိုင်းဘုတ်များ၊ အမှတ်အသားများကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားမှသာ ပြည်တွင်း/ပြည်ပခရီးသွားများ သွားလာမှုလွယ်ကူ အဆင်ပြေမည်ဖြစ်သည်။

သို့ဖြစ်ရာ ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းများဖြစ်လာစေရန် လမ်းအလိုက်၊ ရပ်ကွက်၊ ကျေးရွာအလိုက်မှသည် မြို့ပြဒေသတစ်ခုလုံး၊ ခရိုင်တစ်ခုလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလုံးအလိုက် သက်ဆိုင်ရာ အဖွဲ့အစည်းများက တက်တက်ကြွကြွလုပ်ဆောင်မှုများနှင့်အတူ ဒေသခံပြည်သူများကလည်း ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် သာယာလှပသည့်နိုင်ငံတော်၊ ဂုဏ်သိက္ခာရှိသည့် နိုင်ငံတော်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေထိုင်နိုင်မည်ဖြစ်ပါကြောင်း။ ။