ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတိုက်ပွဲဖြစ်စဉ်များမှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်စားအာရုံစိုက်ကြသည့် အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်မှစကာ မြောက်ပိုင်းသုံးဖွဲ့ဟု မီဒီယာများက ခေါ်ဆိုကြသည့် MNDAA ၊ TNLA နှင့် AA တို့ ပူးပေါင်းပြီး “၁၀၂၇ စစ်ဆင်ရေး” ဟု ၎င်းတို့က အမည်ပေးထားသည့် တိုက်ခိုက်မှုများပြုလုပ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)မြို့အချို့ကို တိုက်ခိုက်ခဲ့ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတိုက်ပွဲများတွင် မြောက်ပိုင်းသုံးဖွဲ့သာမက အကြမ်းဖက်အဖွဲ့အစည်းဟု ကြေညာထားသော NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များနှင့် ကြေးစားများ၊ နိုင်ငံခြားသားများပါ ပါဝင်လျက်ရှိကြောင်း ဒေသခံတိုင်းရင်းသားပြည်သူများ၏ ထုတ်ဖော်ပြောကြားချက်များကိုလည်း လူမှုကွန်ရက်မီဒီယာများတွင် တွေ့မြင်ရသည်။ MNDAA ကို ကိုးကန့်အဖွဲ့၊ TNLA ကို ပလောင်အဖွဲ့၊ AA ကို ရခိုင်အဖွဲ့ဟုဆိုကြသော်လည်း စင်စစ်အားဖြင့် ၎င်းတို့အဖွဲ့များရပ်တည်နိုင်ရေးအတွက် လူမျိုးရေးမှာ အကြောင်းပြချက်သက်သက်သာဖြစ်သည်။ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် ပြည်နယ်များအတွင်း ကျဉ်းမြောင်းသေးသိမ်သည့်လူမျိုးရေးစိတ်ဓာတ်၊ တိုင်းရင်းသားလူမျိုးအချင်းချင်း မုန်းတီးရေးစိတ်ဓာတ်၊ အကြမ်းဖက်စိတ်ဓာတ်များကို လူငယ်လူရွယ်များ၏ စိတ်ဓာတ်များထဲသို့ ရိုက်သွင်းကာ ၎င်းတို့၏ အကျိုးစီးပွားကို ရှာဖွေနေကြခြင်းသာဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လ ၂၅ ရက်တွင် TNLA ပူးပေါင်းအဖွဲ့သည် နောင်ချိုနှင့် ကျောက်မဲကိုလည်းကောင်း၊ ဇူလိုင်လ ၃ ရက်နေ့တွင် MNDAA ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ဝန်းကျင်ကိုလည်းကောင်း ၁၀၂၇ ၏ အဆက်ဟုဆိုကာ တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများမှာ မန္တလေးတိုင်းဒေသကြီး မတ္တရာနှင့်မိုးကုတ်တို့အထိ ရောက်ရှိခဲ့သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်စီးဆင်းရာ ပြည်ထောင်စုလမ်းမကြီးတည်ရှိနေပြီး အဆိုပါလမ်းမကြီးတစ်လျှောက်ရှိ မြို့များမှာ စီးပွားရေးကောင်းမွန်စည်ကားသည့် မြို့များဖြစ်သည်။ မြို့ခံပြည်သူများမှာ လူမျိုးပေါင်းစုံ အေးအေးချမ်းချမ်း၊ ညီညီညွတ်ညွတ်နေထိုင်ကြသူများဖြစ်ကြရာ မိမိတို့နေထိုင်ရာမြို့များကို စစ်တလင်းဖြစ်အောင် လာရောက်တိုက်ခိုက်ဖျက်ဆီးမှုများကို မလိုလား။ ၁၀၂၇ ပထမပိုင်းကာလအတွင်း တပ်မတော်ကစစ်ရေးအရ ယာယီဆုတ်ခွာပေးခဲ့ရသည့်မြို့များတွင် MNDAA ၊ TNLA တို့ ဝင်ရောက်သွားခဲ့ပြီး ဒေသခံပြည်သူတို့အပေါ် ပြုမူဆက်ဆံမှု၊ လူမျိုးရေးခွဲခြားမှု၊ အဓမ္မစစ်သားစုဆောင်းမှု၊ အခွန်အခကြီးမားစွာကောက်ခံမှု၊ လက်နက်ကိုင်အဖွဲ့ချင်း နယ်မြေအငြင်းပွားမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ သိမြင်ခံစားကြရသည့်အလျောက် ဒေသခံတို့က ၎င်းအဖွဲ့များကို ဆန့်ကျင်လာကြသည်။
MNDAA က ဇူလိုင် ၃ ရက်မှစ၍ လားရှိုးမြို့ရှိ လူနေရပ်ကွက်များကို နေ့စဉ်အဝေးမှနေ၍ ရှော့တိုက်ဒုံးများ၊ ဒရော့ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် မြို့နေပြည်သူများ သေဆုံးဒဏ်ရာ ရမှုများဖြစ်ပေါ်လျက်ရှိသည်။ MNDAA နှင့် အပေါင်းအပါတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဒေသခံတိုင်းရင်းသားပြည်သူများ၊ လားရှိုးမြို့နေ တရုတ်လူမျိုးများအားလုံးက လက်မခံ၊ ၎င်းတို့ကိုလည်း အလိုမရှိကြောင်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြသည်ကို တွေ့ရသည်။ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့တွင်လည်း ထိုနည်းလည်းကောင်းသာ။ သို့ဖြစ်ရာ ရှမ်းပြည်နယ် (မြောက် ပိုင်း) တစ်ခွင်ရှိ မြို့ရွာဒေသများ အေးချမ်းသာယာရေး၊ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် လူမှုစီးပွားဘဝများ ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၏ ဆောင်ရွက်ချက်များတွင် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်း ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။