နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့အကြား၊ ငွေရေးကြေးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတော်၏ ငွေကြေးစနစ်တည်ငြိမ်မှုရှိပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်က နေပြည်တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခိုင်မာအားကောင်းသည့် ငွေရေးကြေးရေးကဏ္ဍဖြစ်ပေါ်လာစေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည့်အခြေအနေ၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် ကန်ထရိုက်လယ်ယာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် တိုးချဲ့၍ ပူးပေါင်းရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး၊ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးအတွက် ပြည်တွင်း၌ စက်ရုံ၊ အလုပ်ရုံများတည်ဆောက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေးတို့ကို ဆွေးနွေးကြသည်။
ယခုဆွေးနွေးပွဲသည် ငွေရေးကြေးရေးဆိုင်ရာ လုံခြုံမှု၊ တည်ငြိမ်မှု၊ ခိုင်မာမှုတို့ ထိန်းသိမ်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးနိုင်ရုံသာမက နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပါဝင်ဆောင်ရွက်သင့်သည်တို့ကို ပေါင်းစပ်ဆွေးနွေးနိုင်ခဲ့သဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၌ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါဝင်မှုအလားအလာကောင်းများ ရရှိလာနိုင်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၄) တွင် ငွေကြေးတတ်နိုင်သူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် ပါဝင်ဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးအတွက် အထောက်အကူပြုမည့်အပြင် ပုဂ္ဂလိကအကျိုးစီးပွားကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက မှာကြားထားသည်။
နိုင်ငံတော်အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသဖြင့် ဗဟိုဘဏ်နှင့် ဘဏ်များအနေဖြင့် သီးခြားလွတ်လပ်စွာဆောင်ရွက်နိုင်သည်။ နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ အောင်မြင်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲဆောင်ရွက်နေချိန်တွင် ဘဏ်လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပြည်သူများ၏အကျိုးစီးပွားကို အပြည့်အဝကာကွယ်စောင့်ရှောက်မည့်ပုဂ္ဂိုလ်များအဖြစ် အားကိုးအားထားပြုပြီး ပူးပေါင်းဆောင်ရွက်သွားစေလိုသည်။ ကန်ထရိုက်လယ်ယာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် လုပ်ငန်းစုများ၊ အသင်းစုများ တိုးချဲ့ဖွဲ့စည်း၍ ပူးပေါင်းရင်းနှီးမြှုပ်နှံရန် တိုက်တွန်းအပ်ပါသည်။
ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်အတွက် ပြည်တွင်း၌ စက်ရုံအလုပ်ရုံများ တည်ဆောက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သင့်ပါသည်။ ဘဏ်လုပ်ငန်းရှင်ကြီးများအနေဖြင့် ငွေရေးကြေးရေးလုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံလုပ်ကိုင်ပြီး နိုင်ငံတော်အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ်အကျိုးရှိမည့် Win-Win-Win Situation ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်။
ငွေရေးကြေးရေးအပိုင်းတွင် ဘဏ်များ၏လိုအပ်ချက်ကို နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်က ပံ့ပိုးနေသကဲ့သို့ ဘဏ်များကလည်း နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စည်းမျဉ်း၊ စည်းကမ်းဖြင့် ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားအတွက် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှုများ ပြုလုပ်ခြင်းကြောင့် အများပြည်သူအကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ပေးရမည်ဖြစ်သည်။ တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေးပစ္စည်းပိုင်ဆိုင်မှုများ ထိခိုက်နစ်နာပျက်စီးစေပါက သက်ဆိုင်ရာဥပဒေနှင့် အရေးယူခြင်းခံရနိုင်သည့် သာဓကများရှိသည်။
ယခုအခါတွင် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများကို ဖောက်ဖျက်လုပ်ကိုင်မှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို ထိပါးလာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။ ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲ ငွေကြေးအမြောက်အမြားထုတ်ယူခြင်း၊ ကောလာဟလသတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် မသမာသူများ၏ သွေးထိုးလှုံ့ဆော်ပေးမှုကြောင့် ငွေကြေးများကို လုံခြုံစိတ်ချအာမခံမှုရှိသည့်ဘဏ်များတွင် အပ်နှံခြင်းမပြုလုပ်ဘဲ ရှိပြီးငွေများ ထုတ်ယူခြင်း၊ လက်ဝယ်တွင် အမြောက်အမြားထားရှိခြင်းတို့ မပြုလုပ်ရန် လိုအပ်ပါသည်။
ဘဏ်များသည် ငွေအပ်နှံသူပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ခိုင်မာမှုတို့ကို ထိန်းသိမ်းရေးတို့ကို တစ်ပေါင်းတည်းဆောင်ရွက်ရမည့်အဖွဲ့အစည်းများဖြစ်သည်။ ယင်းအခြေအနေကို နိုင်ငံတော်အစိုးရ၊ ဗဟိုဘဏ်နှင့် ဘဏ်များအားလုံး ပူးပေါင်းဆောင်ရွက်ပြီး ငွေရေးကြေးရေး တည်ငြိမ်အားကောင်းလာရေးကိုဆောင်ရွက်ကာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။