Skip to main content

နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ

ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေဒေသများအတွင်း MNDAA၊ TNLA ၊ AA နှင့် ၎င်းတို့အား ပါဝင်ကူညီနေကြသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် နိုင်ငံရေးပါတီ (၂၃) ပါတီတို့က ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း ပူးတွဲသဘောထားထုတ်ပြန် ကြေညာလိုက်သည်။ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များဟုဆိုရာတွင် အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော လူနေရပ်ကွက်များကို အဝေးမှလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရော့ဗ်ဗုံးများကြဲချခြင်း၊ ၎င်းတို့ ထိန်းချုပ်ထားသည့်နယ်မြေအတွင်း နေထိုင်လျက်ရှိသည့် ၎င်းတို့နှင့်လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများကို အဓမ္မခြိမ်းခြောက်နှင်ထုတ်ခြင်း စသည်တို့ဖြစ်ပြီး ယင်းလုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေကြခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင် ကြသည့် နိုင်ငံဖြစ်သည့်အလျောက် နေရာဒေသအနှံ့အပြားတွင် အတူရောနှော ပျံ့နှံ့နေထိုင်နေကြခြင်းဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းလုံးသည် ပြည်ထောင်စုသားအားလုံး နေထိုင်ခွင့်ရှိသည့် ရေမြေပင်ဖြစ်သည့်အလျောက် ကိုးကန့်၊ ပလောင်၊ ရခိုင်အပါအဝင် တိုင်းရင်းသားများ ပြည်တွင်းရှိ နေရာတိုင်းတွင်ရှိနေသည်။ မိမိတို့နိုင်ငံသည် လူမျိုးကြီး၊ လူမျိုးငယ်ဟူ၍ ခွဲခြားခြင်းမရှိ။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံသားတိုင်း အခွင့်အရေးတူ၊ တန်းတူသာလျှင် ဖြစ်သည်။ လက်ရှိအခြေအနေ တွင် လက်တွေ့လုပ်ရပ်များအရ စစ်အာဏာရှင်ဝါဒနှင့် လူမျိုးကြီး ဝါဒတို့ကို ကျင့်သုံးနေကြသူများမှာ မြောက်ပိုင်း (၃) ဖွဲ့ခေါ် MNDAA၊ TNLA နှင့် AA တို့ပင်ဖြစ်သည်။ ၎င်းတို့ဝင်ရောက် ထိန်းချုပ်ရာဒေသများတွင် ၎င်းတို့ဥပဒေမဲ့ကျူးလွန်ခဲ့ကြသည့် နိုင်ငံသားအခွင့်အရေးချိုးဖောက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများစွာတို့မှာ ဖုံးဖိ၍မရအောင် ပေါ်ထွက်လာနေပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဆန့်ကျင်မှုများမှာလည်း အရှိန်အဟုန်မြင့်မားစွာ ထွက်ပေါ်လာလျက်ရှိနေသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ပြိုကွဲပျက်စီးအောင် ဖျက်ဆီးနေကြခြင်းဖြစ်သည်။ အဆိုပါ သုံးချက်ပြိုကွဲပျက်စီးသွားမည်ဆိုပါက နိုင်ငံလည်းပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။ နိုင်ငံအတွင်း သူတစ်လူငါတစ်မင်းနှင့် စည်းလုံးညီညွတ်မှုကင်းမဲ့ချိန်၊ စည်းမဲ့ကမ်းမဲ့ပရမ်းပတာဖြစ်ချိန်တွင် နယ်ချဲ့တို့၏ကျူးကျော်သိမ်းပိုက်မှုကိုခံရပြီး အခြားနိုင်ငံ၏ ပြည်နယ်ဘဝသို့ရောက်ရှိကာ ကမ္ဘာမြေပေါ်မှ မြန်မာပြည်တစ်ကြိမ် ပျောက်ကွယ်ခဲ့ဖူးပြီးဖြစ်သည်ကို အမှတ်တရ ပြန်လည်သင်ခန်းစာယူကြရန်လိုသည်။ နိုင်ငံရေးအလိုဆန္ဒ အမှန်တကယ်ရှိပါက မြို့ရွာများပျက်စီး၊ ပြည်သူများလည်းသေကျေ၊ ဘဝများစွာကို ထိခိုက်ဆုံးရှုံးစေသည့် စစ်ရေးနည်းလမ်းအစား လမ်းဖွင့်ထားဆဲဖြစ်သော နိုင်ငံရေးနည်းလမ်းများရှိနေသည်ကို ရွေးချယ်ကြရမည်ဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ ဝင်ရောက်ခဲ့သည့်ဒေသများတွင် ဖြစ်ပေါ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာတို့မှာ မီဒီယာများပေါ်သို့ ရောက်မလာဘဲ ပျောက်ကွယ်သွားရသည်များလည်း ရှိနေသည်။ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေမှန်များနှင့် ကွဲလွဲလျက်၊ ဆန့်ကျင်လျက် ပြည်ပမီဒီယာများနှင့် ပြည်ဖျက်မီဒီယာများက ၎င်းတို့ လိုသလိုသတင်းများကို ပုံဖော်ခြင်း၊ သတင်းတုသတင်းမှားများ ထုတ်လွှင့်ခြင်းတို့ ပြုလုပ်နေကြစေကာမူ မြေပြင်တွင် အကြမ်းဖက်သောင်းကျန်းသူတို့၏ အဓမ္မဝါဒအဖျက်လုပ်ရပ်များအပေါ် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက လက်မခံ၊ဆန့်ကျင်၊ ရှုတ်ချကြပါကြောင်း။ ။