Skip to main content

လူ့အခွင့်အရေး အရေခြုံသည့် ပြည်တွင်းရေးစွက်ဖက်မှု

လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကို ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၁၂ ရက်အထိ ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများဟု ခေါင်းစဉ်တပ်ထားသည့် အဓိပ္ပာယ်မဲ့စကားဝိုင်းများလည်း ပါဝင်ခဲ့သည်။ အဓိပ္ပာယ်မဲ့သည်ဟုဆိုရာတွင် ဆွေးနွေးပွဲခေါင်းစဉ်တပ်ထားသည့် သက်ဆိုင်ရာနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမပါဝင်ခြင်း၊ လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများနှင့်မကိုက်ညီခြင်း၊ မမှန်မကန်၊ မလိုတမာအစီရင်ခံချက်များက မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်း ဖယ်ကြဉ်စေရန် ဦးတည်ထားခြင်းနှင့် ဆွေးနွေးပွဲများကြောင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပိုမိုရှုပ်ထွေးစေခြင်းတို့ကြောင့်ပင်ဖြစ်သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူသည် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဓမ္မဓိဋ္ဌာန်ကျကျနှင့် မှန်ကန်စွာသိမြင်နားလည်နိုင်စွမ်းမရှိသည့်အပြင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဘောင်ကျော်စွက်ဖက်သည့်အပြုအမူများကို ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ တရားဝင်အချက်အလက်များကို လျစ်လျူရှုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေသည့် အဖျက်အမှောင့် သတင်းမီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူများ၊ အကြမ်းဖက် NUG ၊ PDF အဖွဲ့တို့၏ စွပ်စွဲပြောဆိုချက်များ၊ ဝါဒဖြန့်မှုများကို သံယောင်လိုက်ကာ အကြမ်းဖက်လုပ်ရပ်များကို အမွှမ်းတင်ခဲ့သည့်အပြင် ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၊ အကြမ်းဖက်သမားများနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အကြား ထိတွေ့ဆက်ဆံရေး လှုံ့ဆော်မှုများကို ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့် သွေဖည်လျက်ရှိပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ကြိုးပမ်းမှုများအပေါ် ထိခိုက်စေသည်။

၂၀၂၃ ခုနှစ် နှောင်းပိုင်းမှစကာ အရှိန်မြင့်တက်လာခဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ မရေမတွက်နိုင်အောင်များပြားခဲ့ပြီး လူမှုကွန်ရက်များနှင့် သတင်းမီဒီယာအချို့တွင် ဖော်ပြခဲ့သည့်သတင်းများလည်း အများအပြားရှိခဲ့သည်။ အပြစ်မဲ့အရပ်သားပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးမှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အစီရင်ခံစာတင်သွင်းသူက ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြုထားခဲ့သည့်အပြင် မမှန်မကန်စွပ်စွဲမှုများကိုလည်း စိတ်ခံစားမှုဦးစားပေးပြီး ပညာရှင်မပီသစွာ ကျူးလွန်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များနှင့်စပ်လျဉ်း၍ မမှန်မကန်စွပ်စွဲချက်များဖြင့် လှုံ့ဆော်ထားသော အစည်းအဝေးစာရွက်စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး လူ့အခွင့်အ‌ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့ အရေးယူမှုများပြုလုပ်ရန် ဖန်တီးခဲ့ရာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာသည့် အခက်အခဲ၊ အကျပ်အတည်းများက အောက်ခြေပြည်သူလူထုအများစုအပေါ် ကြီးလေးစွာထိခိုက်ခံစားရမှု ဖြစ်ပေါ်စေလျက်ရှိသည်။ လူ့အခွင့်အရေးကောင်စီက တစ်ဖက်သတ်အရေးယူမှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို လျစ်လျူရှုကာ မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများက ပြုလုပ်နေကြသည့် လူနေမြို့ရွာများကို တိုက်ခိုက်မှုများအတွင်း လူမျိုးရေးအခြေခံ၍ မုန်းတီးမှု၊ ခွဲခြားဆက်ဆံမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွင်း ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးအရေခြုံကာ နိုင်ငံရေးအမြတ်ထုတ်နိုင်ရန် ကြိုးပမ်းခြင်း၊ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းတို့အပေါ် မြန်မာနိုင်ငံအတွင်းရှိ တည်ငြိမ်အေးချမ်းမှုကိုလိုလားသော တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်ကန့်ကွက်ရှုတ်ချသွားကြမည်သာဖြစ်ပါကြောင်း။ ။