မျက်မှောက်ကာလတွင် အကြမ်းဖက်သောင်းကျန်းသူများက မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ကြရသည်ကို တွေ့မြင်ကြားသိကြရမည်ဖြစ်သည်။ တိုက်ခိုက်ဖျက်ဆီးမှုများ မကြာခဏပြုလုပ်နေသောကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အခက်အခဲဒုက္ခများရောက်ကြရသည်။ အဆိုပါလုပ်ရပ်များကို လက်မခံနိုင်ကြသောကြောင့် ဒေသခံပြည်သူများနှင့် အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။
မကြာသေးမီရက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်အတွင်းမှ တရားမဝင်လက်နက်ခဲယမ်းများ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်သို့ သယ်ဆောင်လာသူများကို အကြမ်းဖက်မှုမလိုလားသည့် ပြည်သူများ၏ လျှို့ဝှက်သတင်းပေးမှုအရ လက်နက်ခဲယမ်းများအား ဖမ်းဆီးရမိသည့်သတင်းကို တွေ့ရှိခဲ့ရသည်။ ယခင်ကလည်း ရှမ်းပြည်နယ်မှတစ်ဆင့် အခြားပြည်နယ်ဒေသများရှိ အကြမ်းဖက်သောင်းကျန်းသူများထံသို့ပေးပို့မည့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသည့်သတင်းများကိုလည်း ကြားသိခဲ့ရဖူးသည်။
ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများသည် KIA လက်နက်ကိုင်အဖွဲ့များမှထုတ်လုပ်သည့် လက်နက်ခဲယမ်းများဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။ KIA လက်နက်ကိုင်သောင်းကျန်းသူများသည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များထံသို့ လည်းကောင်း၊ အခြားလက်နက်ကိုင်သောင်းကျန်းသူများထံသို့လည်းကောင်း လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်း၊ ရောင်းချပေးခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဖောက်ခွဲရေးနှင့် အကြမ်းဖက်သင်တန်းများပေး၍ နိုင်ငံတော်ကို အစဉ်တစိုက်နှောင့်ယှက်ဖျက်ဆီးနေသောအဖွဲ့ဖြစ်သည်။ အကြမ်းဖက်အဖွဲ့များနှင့် လက်နက်ကိုင်သောင်းကျန်းသူများသည် အစိုးရယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် လမ်း၊ တံတား၊ အဆောက်အအုံများ ဖျက်ဆီးခြင်းများကို ပြုလုပ်လျက်ရှိသည်။
အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် အချို့မြို့ရွာများနှင့် လမ်း၊ တံတားပျက်စီးမှုများမှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။ ထို့ပြင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူနေထိုင်ရာမြို့ကြီးများကို အဝေးမှလက်နက်ကြီးများ၊ ဒရော့ဗုံးများဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများအား ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ ခြိမ်းခြောက်နှင်ထုတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လူမဆန်စွာလုပ်ဆောင်လာကြသည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ရှေးပဝေသဏီကတည်းကပင် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ခဲ့ကြသည်။ နိုင်ငံအတွင်း မည်သည့်ဒေသတွင်မဆို အေးချမ်းစွာအတူနေထိုင်ခဲ့ကြသည်။ ယခုအခါ အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့နယ်မြေအတွင်း၌ ၎င်းတို့နှင့် လူမျိုးမတူသူများကို ခြိမ်းခြောက်ခြင်း၊ ဖယ်ရှားခြင်းများပြုလုပ်ခဲ့ရာ ၎င်းတို့၏လုပ်ရပ်သည် လူမျိုးရေးအစွန်းရောက်သည့် လုပ်ရပ်သာဖြစ်သည်။ လူမျိုးရေးစိတ်ဓာတ်ဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖြိုခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)တွင် “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ နေထိုင်ခွင့်ရှိသည်” ဟူသည့်အချက်ကို အတိအလင်းချိုးဖောက်လိုက်ခြင်းဖြစ်သည်။
ယနေ့မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများကို နိုင်ငံတကာကလည်း မှန်မှန်ကန်ကန် သိရှိနိုင်ရန်လိုအပ်သည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူနေထိုင်ရာဒေသများကို တိုက်ခိုက်ဖျက်ဆီးမှုများ၊ လွတ်လပ်စွာနေထိုင်ခွင့်ကို နှောင့်ယှက်ဖျက်ဆီးမှုများ၊ လူမဆန်စွာ အကြမ်းဖက်ရက်စက်သတ်ဖြတ်မှုများ စသည်တို့ကို နိုင်ငံတကာက မှန်ကန်စွာသိရှိနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ မည်သည့်လူမျိုးမဆို မည်သည့်ဒေသတွင်မဆို အတူတကွနေထိုင်ခွင့်ရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် “လူတိုင်းတွင် မိမိ၏နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရှိသည်” ဟူသည့်အချက်ကို လက်နက်ကိုင်သောင်းကျန်းသူများက ချိုးဖောက်လျက်ရှိသည်။
နိုင်ငံတကာတွင် ပဋိပက္ခဖြစ်ပွားနေသော အချို့ဒေသများ၌ အပြစ်မဲ့ပြည်သူများ ထိခိုက်ပျက်စီးနစ်နာမှုများရှိလျှင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရှုတ်ချကန့်ကွက်လျက်ရှိသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နိုင်ငံတကာဥပဒေများကို ချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာက နှုတ်ဆိတ်နေသည်မှာ အဖြစ်မှန်ကို မသိရှိ၍သော်လည်းကောင်း၊ သတင်းမှားများကို လက်ခံထားသဖြင့်သော်လည်းကောင်း အကြောင်းတစ်ခုခုရှိမည်ဖြစ်၍ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပကတိဖြစ်စဉ်အခြေအနေမှန်များကို နိုင်ငံတကာကသိရှိပြီး တုံ့ပြန်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများ၏ လူမဆန်သောလုပ်ရပ်များကို တိုင်းရင်းသားပြည်သူများ သိရှိကြုံတွေ့ခံစားနေကြရသဖြင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များနှင့် ဆက်စပ်ပတ်သက်နေသောအဖွဲ့များကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက လက်မခံ၊ ဆန့်ကျင်၊ ကန့်ကွက်၊ ရှုတ်ချ၊ တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။